မဲစာရင်းများမှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်)

မဲစာရင်းများမှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်

လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမှားများကဲ့သို့ မဖြစ်စေရေး အဓိကထားဆောင်ရွက်နိုင်ရန် နိုဝင်ဘာ ၁၀ ရက်နေ့က ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးတစ်ရပ်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

“၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အဓိကမှားယွင်းသည်များမှာ နိုင်ငံသားစိစစ်ရေးကတ်များစနစ် တကျမရှိခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်များ ဖောင်းပွခြင်းနှင့်တစ်ဦးတည်းက ဆပွားပုံစံဖြင့်ဆောင်ရွက်သည့် ကိစ္စရပ်များကြောင့် မဲစာရင်းများ မမှန်မကန် ဖြစ်ပြီး ရလဒ်အဖြေများ မှားယွင်းခဲ့သည့် ကိစ္စရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် မဲစာရင်းများမှန်ကန်စေရန် ပထမအဆင့်အနေဖြင့် နိုင်-၄ နှင့်ပတ်သက်သည့်စာရင်းဇယားများကို အတိအကျဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အခါ စတင်ထုတ်ပေး သည်မှ နောက်ဆုံး အချိန်အထိ ကောက်ယူရရှိသည့် စာရင်းဇယားများအရ ၅၂ သန်းကျော်ရှိကြောင်း၊ သက်ဆိုင်ရာကွန်ပျူတာ ပညာရှင်များနှင့် ဆော့ဝဲလ်များကို အသုံးချ၍  စိစစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း” အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ကို နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြပေးလျက်ရှိသည်။ အဓိကအားဖြင့် နိုင်ငံသားစိစစ်ရေး ကတ်တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင် ထားခြင်းမရှိရေး၊ ကိုင်ဆောင်ထားပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် အမြန်သွားရောက်အပ်နှံကြရန်၊ အလားတူပုံစံ ၆၆/၆(အထစ)တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူများသည်လည်း သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့ အမြန်ဆုံးသွား ရောက် သတင်းပို့ဖြေရှင်းရန် အသိပေးထုတ်ပြန်ခြင်း ဖြစ်သည်။

နိုင်-၄ ကိစ္စဆောင်ရွက်သည့်အခါ တစ်ဦးတည်းမှ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုထက် ပိုမိုကိုင်ဆောင်သူအရေအတွက်မှာ ၅ သိန်း ကျော်ရှိကြောင်း တွေ့ရှိရသည်။ နိုင်ငံသားစိစစ်ရေးနံပါတ်ရှိပြီး အချက်အလက်များမစုံလင်သည့် နိုင်ငံသားစိစစ်ရေးကတ် ၁ သန်း ကျော်တွေ့ရှိရသည်။ ထိုသို့ကိစ္စရပ်များမှာ အစိုးရအဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းမှုများဖြစ်ပြီး နိုင်ငံအတွက် များစွာအန္တရာယ်ရှိသည့် ကိစ္စရပ်များဖြစ်သည့်အပြင် e-Government လုပ်ငန်းစဉ်အတွက် အခြေခံအချက်အလက်များ မပြည့်စုံသည့် အန္တရာယ်လည်းဖြစ်သည်။ “မြေမျို၍လူမျိုးမပျောက်၊ လူမျိုမှသာလူမျိုးပျောက်မည်” ဖြစ်သည်ကို သတိပြုကြရမည်ဖြစ်သည်။ ထိုသို့မှားယွင်းမှုများ ထပ်မံမဖြစ်ပွားစေရန် ယခုကဲ့သို့ထိန်းချုပ်ရန် အဆင့်ဆင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒုတိယအဆင့်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွန်ပျူတာစနစ်ဖြင့် စိစစ်ပြီးနောက် ပုံစံ-၆၆/၆ ကို Software နည်းပညာဖြင့် စစ်ဆေးသည့်အခါ ထုတ်ပေးစာရင်းစုစုပေါင်းမှာ ၁၃ သန်းကျော် စာရင်းတွေ့ရသည်။ အဆိုပါပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်းများကို စိစစ်ရာတွင် သေဆုံးသွားသူများ၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသို့ ရောက်ရှိသွားကြသူများနှင့် နိုင်ငံခြားသားအဖြစ် ခံယူထားသူများ စသည်ဖြင့် စာရင်းများကိုလည်း တွေ့ရှိရသည်။ အိမ်ထောင်စုစာရင်းတွင် မိသားစုအမည်သာ ရှိပြီး နိုင်ငံသား စိစစ်ရေးကတ်မရှိသူ ၂၂ သန်းကျော်တွေ့ရှိရသည်။ အသက် ၁၈ နှစ်အထက် ၁၄ သန်းကျော်သည် ပုံစံ ၆၆/၆ တွင် နိုင်ငံသားစိစစ်ရေးအမှတ်များ မဖြည့်ထားကြောင်း တွေ့ရှိရသည်။

အဆိုပါ အချက်များသည် လူကြောင့်အမှားဖြစ်နိုင်သလို စာရင်းဇယားအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီဝန်ထမ်းများနှင့် သက်ဆိုင်ရာကာယကံရှင်များ၏ အားနည်းချက်များကြောင့်လည်း ဖြစ်နိုင်ကြောင်းတွေ့ရှိရသည်။ သို့ဖြစ်၍ တတိယအဆင့်သွားသည့် အခါ အထက်ပါမှားယွင်းမှုများကို မြေပြင်တွင် သေချာစိစစ်ပြုပြင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ တတိယအဆင့် အကောင် အထည်ဖော်ဆောင်ရွက်သည့်အခါ စာရင်းသွင်းခြင်း၊ စစ်ဆေးပြင်ဆင်ခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်ကြီးချုပ်များဦးစီး၍ ရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကွန်ပျူတာပညာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များအပြင် လုံခြုံရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အမြန်ဆုံး မြေပြင်စာရင်း ကောက်ယူနိုင်ရေး ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လူဦးရေစာရင်း တိကျမှန်ကန်ရေး ဆောင်ရွက်ကြရမည် ဖြစ်သည်။ ထိုသို့တိကျမှန်ကန်စွာ စာရင်းကောက်ယူနိုင်မှသာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်မည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်မည် ဖြစ်ပေရာ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။