မြန်မာ့လက်မှုထည် ကြိမ်ထည်ပစ္စည်းဈေးကွက်တွင် ပြည်တွင်းဝယ်လိုအားကောင်းမွန်လာပြီး ဈေးကောင်းရရှိနေ

မြန်မာ့လက်မှုထည် ကြိမ်ထည်ပစ္စည်းဈေးကွက်တွင် ပြည်တွင်းဝယ်လိုအားကောင်းမွန်လာပြီး ဈေးကောင်းရရှိနေ

ရန်ကုန်၊ စီးပွားရေး

မြန်မာ့လက်မှုထည် ကြိမ်ထည်ပစ္စည်းဈေးကွက်တွင် ပြည်တွင်းဝယ်လိုအားကောင်းမွန်လာပြီး ဈေးကောင်းရရှိနေကြောင်း ရန်ကုန် မြို့မှ ကြိမ်ထည်ပစ္စည်း ထုတ်လုပ်ရောင်းချသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

“ကြိမ်ထည်ပစ္စည်းတွေက ပြည်ပက အဓိကအဝယ်ရှိပေမယ့် လက်ရှိမှာ ပြည်ပက အဝယ်အေးပြီး ပြည်တွင်းက အဝယ်ပြန်လိုက် လာတယ်။ အခုက လုပ်သားတွေကိုပေးရတဲ့ လုပ်အားခတွေတက်တဲ့အပြင် ထုတ်လုပ်မှုစရိတ်တွေ တက်လာတဲ့အတွက် ကြိမ်ထည် ပစ္စည်းဈေးလည်း တက်လာပါတယ်” ဟု ၎င်းကပြောသည်။

ကြိမ်ထည်ပရိဘောဂများကို တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်နှင့် ဥရောပနိုင်ငံတို့သို့ တင်ပို့သော်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစ၍ ပြည်ပမှအဝယ်နည်းသွားကြောင်း၊ လက်ရှိတွင် ပြည်တွင်းမှ အဝယ်ပြန်လိုက်လာသည့်အတွက် ကြိမ်ထည် လုပ်ငန်းလုပ်ကိုင်သူများ ပြန်လည်အဆင်ပြေလာကြောင်း သိရသည်။

ကြိမ်ထည် ပရိဘောဂများဖြစ်သော လိုက်ကာ၊ စားပွဲ၊ ကြိမ်ထိုင်ခုံ၊ လေးထောင့်ခုံ၊ အလှမီးအိမ်စသည့် ပစ္စည်းများကို ဟိုတယ်များနှင့် စားသောက်ဆိုင်များက အမှာများပြီး  ကြိမ်ဆွဲခြင်း၊  ထမင်းအုပ်ဆောင်း၊ ကြိမ်ဦးထုပ်၊  ကြိမ်လက်ဆောင်ခြင်းမျိုးစုံ၊   ကြိမ်ဖန်စီနားကပ်  စသည့်အသုံးအဆောင်ပစ္စည်းများကိုလည်း ပြုလုပ်ရောင်းချကြောင်း သိရသည်။

ကြိမ်ထည်ပစ္စည်း ဈေးနှုန်းများအနေဖြင့် တစ်ခုလျှင် ငွေကျပ် ၆၀၀၀ မှ သိန်းဂဏန်းအထိ အမျိုးအစားအလိုက် ဈေးနှုန်းအသီးသီး ရှိကြောင်း သိရသည်။                            

စောယု