ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များနှင့်စပ်လျဉ်း၍ ဧည့်စာရင်းတိုင်ကြားမှုစနစ်ကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် တွင်ကျယ်စွာအသုံးပြုကြရန် တိုက်တွန်းလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၄

ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များနှင့်စပ်လျဉ်း၍ ဧည့်စာရင်းတိုင်ကြားမှုစနစ်ကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် တွင်ကျယ်စွာအသုံးပြုကြရန် တိုက်တွန်းလျက်ရှိ

မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းများတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများကို သိရှိပြီး ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြန့်ဝေနိုင်ရန်ရည်ရွယ်၍ ခရီးသွားလုပ်ငန်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ   အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် တက်ရောက်၍ အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသားခရီးသွား ဧည့်သည် များနှင့် စပ်လျဉ်း၍ မလိုလားအပ်သော ပြဿနာရပ်များ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ဧည့်စာရင်း တိုင်ကြားမှု စနစ် (Guest List Management System) ကိုလည်း စီစဉ်ဆောင်ရွက်ထားရှိကာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့်တွင် ကျယ်စွာအသုံးပြုကြရန် တိုက်တွန်းလျက်ရှိကြောင်း၊ အလားတူ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆောင်ရန်ရှောင်ရန် အချက်များ ကိုလည်း နိုင်ငံခြားဘာသာစကားများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားရှိကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အစိုးရ- ပုဂ္ဂလိက- ပြည်သူလူထု အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးလုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ခရီးသွားကဏ္ဍနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးသည်။ ယင်းနောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်သက်နိုင်က လူကုန်ကူးမှုနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ   ဒုတိယ ညွှန်ကြားရေးမှူး  ဒေါ်ခိုင်စုလွင်က လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအကြောင်းကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

(၅၀၀)