တက္ကသိုလ်မြတ်သူ မိသားစုက အမျိုးသား စာကြည့်တိုက် (နေပြည်တော်)သို့ စာပေပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

တက္ကသိုလ်မြတ်သူ မိသားစုက အမျိုးသား စာကြည့်တိုက် (နေပြည်တော်)သို့ စာပေပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၄

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန်နှင့် ထိန်းသိမ်းထားရှိရန်တို့အတွက် တက္ကသိုလ်မြတ်သူ မိသားစုက စာပေပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်  အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊  ဒေါ်အေးနုစိန်၊  Jeng Phang နော်တောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအေးထွန်း၊ ဒေါက်တာမိုးဇော်ထွန်း၊  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ  ဖိတ်ကြားထားသော ဧည့်သည်တော်များ၊  စာပေပညာရှင်များ၊ တက္ကသိုလ်မြတ်သူနှင့်    မိသားစုဝင်များ၊   ပျဉ်းမနားမြို့နယ်စာရေးဆရာ အသင်းမှ တာဝန်ရှိသူများနှင့်  အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တက္ကသိုလ်မြတ်သူသည် ကဗျာ၊ ဝတ္ထုစသည့် ရသစာပေများ၊ သတင်းစာပညာ၊  သတင်းအချက်အလက်၊  ဂီတ၊ နိုင်ငံရေး၊ ဘာသာရေး၊  မြန်မာစာပေ၊  ဥပဒေ၊   လူ့အခွင့်အရေး၊  မြန်မာနိုင်ငံသမိုင်း၊  ကမ္ဘာ့သမိုင်း၊ ရွေးကောက်ပွဲနှင့် အတ္ထုပ္ပတ္တိစသည့်   စာအုပ်များစွာကို ပညာရပ်စုံလင်စွာ ရေးသားခဲ့ပြီး မကြာသေးမီ ကာလက ၂၀၂၁ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုကို ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ကြောင်း၊ အလင်္ကာကျော်စွာစည်သူ တက္ကသိုလ်မြတ်သူက ကိုယ်တိုင်ရေးသားခဲ့သည့် စာအုပ်များနှင့် ဖတ်ရှုလေ့လာ စုဆောင်းခဲ့သည့် စာအုပ်စာပေများ၊ စာနယ်ဇင်းများ၊ ရရှိခဲ့သည့်ဂုဏ်ပြုမှတ်တမ်းများ၊ ဆုတံဆိပ်များ၊ ရင်ထိုးတံဆိပ်များ၊ တီးခတ်ခဲ့သည့် တူရိယာပစ္စည်းများ၊   စုဆောင်းခဲ့သည့် ဓာတ်ပြားများ၊ စီဒီများနှင့် မှတ်တမ်းဝင်ဓာတ်ပုံများကို အမျိုးသားစာကြည့်တိုက်သို့ လှူဒါန်းလိုကြောင်း  ဆက်သွယ်လာခဲ့သဖြင့်   ဌာနမှ တာဝန်ရှိသူများကို   စနစ်တကျလက်ခံ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ လှူဒါန်းခဲ့သည့် စာပေပစ္စည်းများနှင့် အမှတ်တရ ပစ္စည်းများကို  အသေးစိတ်စာရင်း ပြုစုခြင်းလုပ်ငန်းမှစ၍ စင်တင်ခင်းကျင်းခြင်း လုပ်ငန်းများကို    ဆောင်ရွက်ခဲ့ကြပြီး “တက္ကသိုလ်မြတ်သူစာစုခန်း”အဖြစ် ခင်းကျင်းထားရှိပါကြောင်း၊    တက္ကသိုလ်မြတ်သူ စုဆောင်းထားရှိသည့် စာအုပ်စာပေများမှာ အကြောင်းအရာ၊ ပညာရပ်များ စုံလင်သည်ကို တွေ့ရှိရပြီး   သိမ်းဆည်းထားသည့် အမှတ်တရပစ္စည်းများနှင့်  တူရိယာပစ္စည်းများသည်လည်း ယနေ့ခေတ်တွင် အလွယ်တကူရှာဖွေ၍ မရနိုင်သည့် ရှားပါးတန်ဖိုးရှိ ပစ္စည်းများဖြစ်သည့်အတွက်   နောင်လာနောက်သားများ တွေ့မြင်လေ့လာခွင့် ရရှိပြီး အသိပညာဗဟုသုတ တိုးပွားစေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်   တက္ကသိုလ်မြတ်သူက အမျိုးသား စာကြည့်တိုက်(နေပြည်တော်)သို့ စာပေပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက   တက္ကသိုလ်မြတ်သူအား စာပေပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အတွက်  ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးဆွေက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာသူများက  တက္ကသိုလ်မြတ်သူ စာစုခန်း ခင်းကျင်းထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။