မြန်မာသံရုံး တိုကျိုမြို့တွင် မြန်မာ့ရိုးရာ အစားအစာနှင့် ယဉ်ကျေးမှုနေ့ အခမ်းအနားကျင်းပ

မြန်မာသံရုံး တိုကျိုမြို့တွင် မြန်မာ့ရိုးရာ အစားအစာနှင့် ယဉ်ကျေးမှုနေ့ အခမ်းအနားကျင်းပ

နေပြည်တော်   နိုဝင်ဘာ   ၂၄

    မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာများ၊ မြန်မာ့ရိုးရာ အစားအသောက် များကို ဂျပန်နိုင်ငံသားများနှင့် ဂျပန်နိုင်ငံ အခြေစိုက် သံတမန်များအကြား ပိုမိုကျယ်ပြန့်စွာ သိရှိလာစေရန် ရည်ရွယ်လျက် မြန်မာ့ရိုးရာ အစားအစာနှင့် ယဉ်ကျေးမှုနေ့ (Myanmar Cuisine and Culture Day) အခမ်းအနားကို နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ မြန်မာသံရုံး တိုကျိုမြို့၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ Asia-Pacific Ladies Friendship Society (ALFS)အသင်း၏ ဥက္ကဋ္ဌ Mrs. Haruko Komura နှင့် အမှုဆောင် ဒါရိုက်တာများ၊ Tokyo Women's Club  မှ ဒုတိယဥက္ကဋ္ဌများ၊ ဂျပန်နိုင်ငံအခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၏ ဇနီးများ၊ သံတမန်များ၊ အာဆီယံ-ဂျပန်စင်တာ(ASEAN- Japan Center) ၏ အတွင်းရေးမှူးချုပ်  Dr. Kunihiko Hirabayashi နှင့် ဇနီး၊ ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ၊  ချစ်ကြည်ရေး အသင်းမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံတက္ကသိုလ်မှ ပါမောက္ခများ၊ Waseda University နှင့် Hosei University တို့မှ ဂျပန်ကျောင်းသား၊ ကျောင်းသူများ၊ ဂျပန်နိုင်ငံတွင် ပညာသင် ကြားနေကြသည့်  ဝန်ကြီးဌာနအသီးသီးမှ မြန်မာအစိုးရ ပညာတော်သင်များ၊ ဂျပန်နှင့် မြန်မာမိတ်ဆွေ   စုစုပေါင်း ၁၅၀ နီးပါး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သံအမတ်ကြီး ဦးစိုးဟန်နှင့်ဇနီး ဒေါ်လဲ့လဲ့ဝါတို့က ကြိုဆို နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ရိုက်ကူးထားသည့် Friendly Myanmar ဗီဒီယိုနှင့် မြန်မာ့ရိုးရာ မုန့်ဟင်းခါးချက်ပြုတ်ခြင်း ဗီဒီယိုပြသခဲ့သည်။ 

ထို့နောက် မြန်မာသံရုံး အမျိုးသမီး ဝန်ထမ်းများက “မင်္ဂလာပါ”အကဖြင့် ကပြဖျော်ဖြေခြင်း၊ ဂျပန်နိုင်ငံရှိ Manjushakaအကအဖွဲ့မှ အကပညာရှင်များ  ကပြဖျော်ဖြေခြင်းနှင့်   မြန်မာ့စောင်းတူရိယာ တီးခတ်မှုများဖြင့် တင်ဆက်ပြသခဲ့သည်။

ဆက်လက်၍ ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေခဲ့ကြသူများကို သံအမတ်ကြီး ဦးစိုးဟန်နှင့်ဇနီး၊ ဂျပန်နိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများ၏  နာယကဖြစ်သူ ဆန်မာရီနို သံအမတ်ကြီး၏ဇနီး၊ ASEAN-Japan Center ၏   အတွင်းရေးမှူးချုပ် Dr.Kunihiko Hirabayashi နှင့် ဇနီးတို့က ဂုဏ်ပြုပန်းစည်းများကို ပေးအပ်ခဲ့ကြသည်။ ထို့နောက်   တက်ရောက်လာကြသည့် ဧည့်သည်တော်များကို မြန်မာ့ရိုးရာအစား အစာများဖြစ်သည့် မုန့်ဟင်းခါး၊ လက်ဖက်သုပ်၊ မြန်မာ့ရိုးရာ မုန့်မျိုးစုံနှင့်   မြန်မာကော်ဖီတို့ဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။