မျက်နှာတွင် ဝက်ခြံနှင့် အဖုအပိမ့်ထွက်သူများ သနပ်ခါးစားပေးလျှင်သက်သာစေနိုင်

မျက်နှာတွင် ဝက်ခြံနှင့် အဖုအပိမ့်ထွက်သူများ သနပ်ခါးစားပေးလျှင်သက်သာစေနိုင်

ရာသီဥတုပူပြင်းသောအခါ အပြင်ထွက်သူ၊ စက်ဘီးဆိုင်ကယ်စီးသူများတွင် နေအပူရှိန်ကြောင့် ချွေးထွက်ရမည့် မျက်နှာပြင်ရှိ ချွေးပေါက်များတွင် ဖုန်မှုန့်၊ သဲမှုန့်နှင့်ကားဆိုင်ကယ် အိပ်ဇောများမှ ထွက်သည့် ကာဗွန်ဒိုင်အောက်ဆိုက်အမှုန့်များ ကပ်ငြိခြင်း၊ ပိတ်ဆို့ခြင်းများ ဖြစ်နိုင်သည်။ မျက်နှာရှိ မွေးညင်းပေါက်ပိတ်ပြီး အတွင်းမှထွက်ရမည့် အဆီနှင့်ချွေးမထွက်ရသောအခါ ရောင်လာပြီး အဖုထွက်လာသည်။ ညှစ်လျှင် ပိတ်ဆို့နေသော အဆီခဲထွက်လာသည်ကို ဝက်ခြံဟုခေါ်ကြသည်။ ဝက်ခြံအညှစ်မတော်လျှင် ရောင်ကိုင်း လာပြီး ပိုးဝင်ခြင်း၊ ညှော်မိလျှင် အနာရင်းပြီး ကိုက်ခဲခြင်း၊ ပြည်တည်ခြင်းများ နောက်ဆက်တွဲဖြစ်နိုင်သဖြင့် မသန့်ရှင်း သောလက်ဖြင့် အရမ်းမဲ့ မညှစ်သင့်ပေ။

ယခုအခါ မျက်နှာပေါ်မှ မလှမပဖြစ်နေသော ဝက်ခြံဖုများကို ခွဲစိတ်ကုသပေးသည့် အလှပြင်ဆိုင်နှင့် ဆေးခန်းများ ပေါ်ပေါက်လာပြီး ဝက်ခြံကို စနစ်တကျဖယ်ရှားပေးသဖြင့် မိန်းကလေးငယ်များ သွားရောက်လျက်ရှိကြသည်။ သို့သော် ဝန်ဆောင်ခ၊ ကုသခငွေကြေးမှာ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ကုန်ကျသဖြင့် သာမန်ဝင်ငွေသာရှိသော မိန်းကလေးများအဖို့ မတတ်နိုင်ကြပေ။ ထိုသို့  မတတ်နိုင်သော မိန်းကလေးများအတွက် အသင့်တော်ဆုံးမှာ မိတ်ကပ်များလိမ်းမည့်အစား သနပ်ခါးထူထူ  (ပါးကွက်)လိမ်းသွားလျှင် အကောင်းဆုံးဖြစ်သည်။ သနပ်ခါးသည် နေပူဒဏ်အပြင် နေလောင်ခြင်းဖြစ်စေသည့် အဆင့်မြင့်ခရမ်းလွန်ရောင်ခြည်ကိုပင် ကာကွယ် နိုင်သည်ဟု အရေပြား ဆရာဝန်ကြီးများက ဟောပြောကြသည်။

သနပ်ခါးလိမ်းသည့်ဓလေ့သည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတစ်ခုတည်းသာ ရှိမည်ထင်ပါသည်။ အချို့အပူပိုင်းဇုန်ရှိ နိုင်ငံများတွင် ရွှံ့ကိုလိမ်းကျံပြီး နေပူဒဏ် ကာကွယ်ကြသည်ကို တွေ့ရသည်။ သနပ်ခါးသည် လိမ်းလိုက်လျှင်အေးမြပြီး သင်းပျံ့သောရနံ့မှာ ရေမွှေးများနှင့် မတူဘဲ စိတ်အေးချမ်းသာရနံ့ရှိသည်။ သနပ်ခါးကို လိမ်းရုံသာမက လျှာပေါ်တင်ပြီး ဆေးအဖြစ်စားနိုင်သည်။

ရှေးကလူကြီးများသည် ကလေးငယ်များကို နို့ပြတ်သည်နှင့် သနပ်ခါးကျွေးလေ့ရှိသည်။ သနပ်ခါးအမြစ်တုံးကို ကျောက်ပျဉ်တွင် သွေးပြီး ရေချိုးပြီးသောကလေးကို ပါးစပ်အတွင်း ဦးစွာခွံ့ပေးလိုက်သည်။ ပြီးမှပျစ်နေသောသနပ်ခါးကို ရေအနည်းငယ်ရောပြီး တစ်ကိုယ်လုံးလိမ်းပေးကြသည်။ သနပ်ခါးစားသော ကလေးသည် ကျောက်ရောဂါနှင့် ဝက်သက်ရောဂါမှ ကာကွယ်ပြီးဖြစ်သည်ဟု ဆိုကြသည်။

ယခုတစ်ကျော့ပြန် ခေတ်စားလာနေသော သနပ်ခါးစားနည်းမှာ ကလေးငယ်များမဟုတ်။ အပျိုပေါက်နှင့် လူပျိုပေါက် ယောကျ်ား လေးများတွင် သနပ်ခါးကိုလိမ်းရုံသာမက စားပေးခြင်းဖြင့် ဝမ်းအတွင်းမှ အပူငြိမ်းပြီး ဝက်ခြံထွက်ခြင်းကို သက်သာနိုင်ကြောင်း လက်တွေ့သက်သာသူ လူငယ်များက ပြောပြကြသည်။

အထူးသဖြင့် ရေချိုးပြီးနောက် တစ်ကိုယ်လုံးအေးမြနေချိန်တွင် နှစ်ကြိမ်သုံးကြိမ်ခန့် လျက်စားပေးခြင်းဖြင့် ဝက်ခြံထွက်ခြင်းကို  သက်သာ စေနိုင်သည်။ သနပ်ခါးသည် အေးခါးအရသာရှိပြီး ဝမ်းတွင်းအပူများ အပြင်သို့ကန်ထွက်ခြင်းကို ငြိမ်းစေနိုင်သော ဆေးဖက်ဝင် အပင်မျိုးဖြစ်ကြောင်း တင်ပြအပ်ပါသည်။     ။

ကြည်လွင်မြင့်(မုဒြာ)