လားရှိုးမြို့ မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး ကြိုတင်စစ်ဆေး

လားရှိုး၊ ကာကွယ်ရေး

လားရှိုးမြို့ မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး ကြိုတင်စစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မြို့မဈေးကြီးအတွင်း ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် တာဝန်ရှိသူများ၊ မြို့မဈေး အကျိုးတော်ဆောင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်း လုပ်ငန်းများကို နိုဝင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့မဈေးကြီးတွင် ထားရှိသော မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်းရှိ/မရှိ၊ ဈေးအတွင်း လျှပ်စစ်သုံးစွဲမှု အခြေအနေများ၊ လျှပ်စစ် ဝိုင်ယာကြိုးများနှင့် မိန်းခုံများ ကြံ့ခိုင်မှုရှိ/မရှိ၊ ရေစုပ်စက်နှင့် ရေပိုက်ခေါင်းများ ကောင်းမွန်မှု ရှိ/မရှိ၊ အသင့်တပ်ဆင်ထားသော အပေါ့စားမီးသတ်စက်များ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ၊ဈေးဆိုင်ခန်းများအလိုက် မီးသတ်ဆေးဘူးများ ချိတ်ဆွဲထားရှိမှုအခြေအနေများ၊ ရေတွင်း၊ ရေကန်များတွင် ရေရရှိအောင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊  မီးသတ်ကားများ အသုံးပြုသွားလာနိုင်အောင် အဝင်/အထွက်လမ်းများ ပြုလုပ်ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို လားရှိုးမြို့နယ် ခရိုင်မီးသတ် ဦးစီးဌာနမှူး ဦးအောင်ဇော်လင်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်စော၊ မြို့မဈေးကြီး တာဝန်ခံကိုဝင်းမြင့်၊ ဈေးအကျိုးတော်ဆောင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ဈေးသူ၊ ဈေးသားများပူးပေါင်း၍ စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်ရေး ဈေးသူ/ဈေးသားများအား အသိပညာ ပေးဆွေးနွေးကြသည်။

ယင်းနောက် မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ ကြံ့ခိုင်မှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး လားရှိုးမြို့နယ်ရှိ လားရှိုးကြီးဈေး၊ မန်ဆူဈေးတို့ကို ဆက်လက်စစ်ဆေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။                           

 (၄၀၄)