ပြည်ထောင်စုဝန်ကြီး  ဦးဝဏ္ဏမောင်လွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံ    

ပြည်ထောင်စုဝန်ကြီး  ဦးဝဏ္ဏမောင်လွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံ    

နေပြည်တော်  နိုဝင်ဘာ  ၂၄

    နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝဏ္ဏမောင်လွင်သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက်စကိုင်း ဦးဆောင်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ် အဖွဲ့အား  ယနေ့နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌   လက်ခံတွေ့ဆုံသည်။

  ထိုသို့တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး မြှင့်တင်ရေး၊ ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့မှုမြှင့်တင်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံရှိ  မော်စကို နိုင်ငံတကာ ဆက်ဆံရေးတက္ကသိုလ် (Moscow State Institute of International Relations)၊   ရုရှားပြည်သူ့ချစ်ကြည်ရေး တက္ကသိုလ်   (People's   Friendship University of  Russia)၊  Pushkin ပြည်နယ် ရုရှားဘာသာစကား အင်စတီကျု  (The Pushkin  State  Russian  Language Institute)စသည့် တက္ကသိုလ်များမှ မြန်မာ ပညာတော်သင်များ ပိုမိုတိုးချဲ့ခေါ်ယူရေး၊ မြန်မာနိုင်ငံမှ အသိပညာရှင် Think Tanksအဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု မြှင့်တင်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

  တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက်စကိုင်းနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ  မော်စကိုနိုင်ငံတကာ ဆက်ဆံရေး တက္ကသိုလ်၊   ရုရှားပြည်သူ့ချစ်ကြည်ရေး တက္ကသိုလ်တို့မှ ဒုတိယ ပါမောက္ခချုပ်များ၊ Pushkin ပြည်နယ်ရုရှား ဘာသာစကား အင်စတီကျုမှ နိုင်ငံတကာရေးရာ ဌာနမှူးနှင့် The Alexander Gorchakov Public Diplomacy Fund မှ ဒုတိယ အမှုဆောင် ဒါရိုက်တာတို့ တက်ရောက်ကြကြောင်း သိရသည်။