ပဲခူးခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ပဲခူး၊ ဒေသဖွံ့ဖြိုးရေး 

ပဲခူးခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ သနပ်ပင်မြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို နိုဝင်ဘာ ၂၄ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခိုင်ရွှေဝါနှင့်ဝန်ထမ်းများက သနပ်ပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့်အတူ ဖားအောက်ကံကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဂဝံမြေနီခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး တင်ဒါရကုမ္ပဏီမှတာဝန် ရှိသူများ၊ ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး သတ်မှတ်အတိုင်းအတာပြည့်မီစွာ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန်မှာကြားသည်။

ဆက်လက်၍ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါနှင့်ဝန်ထမ်းများသည် ပဲခူးမြို့နယ် ကလိကျေးရွာ၌ စိုက်ပျိုးရေရရှိရေး ဆိုလာစနစ်သုံး ရေတင်စက်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးရာ ပဲခူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူးက လုပ်ငန်းတိုးတက်မှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

သနပ်ပင်မြို့နယ် ဖားအောက်ကံကျေးရွာ၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ၆၀ ဒသမ ၆၄ သန်းအသုံးပြုပြီး အရှည် ၂၅၀၈ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိသော ကျေးလက်ကုန်ထုတ်လမ်း ဝဂံမြေနီခင်းခြင်းလုပ်ငန်းအား  ချမ်းမြေ့ရတနာလင်းကုမ္ပဏီမှ တာဝန်ယူ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ အားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက စပါးနှင့်စိုက်ပျိုး သီးနှံစိုက်ဧက ၁၂၀၀ မှ  ထွက်ကုန် သီးနှံများ ဈေးကွက်သို့ လွယ်ကူစွာတင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း ပဲခူးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါထံမှ သိရသည်။            

 ကိုညို(ကျေးလက်)