အားကစားစိတ်ဓာတ် အပြည့်အဝထားရှိရေး

အားကစားစိတ်ဓာတ် အပြည့်အဝထားရှိရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်)

    အားကစားစိတ်ဓာတ်မှာ လူငယ်လူရွယ်တို့၏ ဘဝအနိမ့်အမြင့်၊ အနာဂတ်ကံကြမ္မာကို ပီပြင်အောင်ရုပ်လုံး ဖော်ပေးနိုင်စွမ်းရှိသည့် ပင်မအခြေခံ စိတ်ဓာတ်ပင်ဖြစ်သည်။ အားကစားသမားကောင်း တစ်ဦးဖြစ်လိုလျှင် သည်းခံမှု၊ ဇွဲရှိမှု၊ အနစ်နာခံမှု၊ တစ်ကိုယ်ကောင်းမဆန်မှု၊ ရေသာမခိုမှု၊ စုပေါင်းစိတ်ဓာတ်ရှိမှု၊ ဥပဒေကို လေးစားတတ်မှု၊ မှန်ကန်သောဆုံးဖြတ်ချက်ကို မငြိုမငြင်ခံယူတတ်မှု၊  အရှုံးကိုအပြုံးဖြင့် ရင်ဆိုင်တတ်မှုစသည့် စိတ်ဓာတ်ထားရှိရမည်ဖြစ်သည်။ ထို့ပြင် တရားသော ယှဉ်ပြိုင်မှုနှင့်အောင်မြင်မှုကို ရယူဖန်တီးတတ်မှုဟူသော အရည်အချင်းကောင်းများလည်း ရှိထားကြရမည်ဖြစ်သည်။

မည်သည့် အားကစားနည်းတွင်မဆို အားကစားစိတ်ဓာတ်နှင့် အရည်အချင်းကောင်းများ ပြည့်ဝနေသော အားကစားသမားများ ရှိနေပါက အောင်မြင်မှု လမ်းကြောင်းဆီသို့ ဦးတည်နေပြီဟု ယူဆနိုင်သည်။ သို့သော် စိတ်ဓာတ်ကောင်းရန်၊ အရည်အချင်း ပြည့်ဝရန်မှာ ပြုပြင်လေ့ကျင့် ယူရမည်။ လေ့ကျင့်သားပြည့်ဝနေမှသာ အောင်မြင်မှုကိုမျှော်မှန်းနိုင်ကြပေမည်။ လေ့ကျင့်သား ပြည့်ဝနေစေရန်မှာ နည်းပြများ၏ သင်ကြားပို့ချမှုနှင့် လက်တွေ့လေ့ကျင့်ခန်းများကို မခိုမကပ်၊ မညည်းမညူလိုက်ပါ လုပ်ဆောင်ကြရမည်။ လေ့ကျင့်သားပြည့်ဝမှုသည် အောင်မြင်မှုကို လမ်းခင်းပေးခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍ သုံးရပ်စလုံးမှာ အားကစားကဏ္ဍနှင့် ဆက်စပ်လျက်ရှိသည်။ ကမ္ဘာ့နိုင်ငံအချို့တွင် အားကစားထူးချွန်သည့် ကမ္ဘာကျော်ဘောလုံး ကစားသမားများကြောင့် ၎င်းတို့၏နိုင်ငံမှာ ထင်ပေါ်ကျော်ကြားသည်။ ထိုအားကစားသမားများကို မွေးထုတ်ပေးရာ အားကစားကျောင်းများ၊ အားကစားတက္ကသိုလ်များ၊ အားကစားပြိုင်ပွဲများကို အခြေခံကာ ကမ္ဘာ့နိုင်ငံအသီးသီးမှ အားကစား ဝါသနာပါသူ၊  အားကစားနှင့်နှီးနှော ဆက်နွှယ်သူစီးပွားရေး လုပ်ငန်းရှင်များက  ရင်းနှီးမြှုပ်နှံမှုပြုကြသည်။

နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာပေမည်။

ဆိုလိုသည်မှာ လူငယ်မောင်မယ် မျိုးဆက်သစ်များအနေဖြင့် အားကစားကဏ္ဍတွင် ထူးထူးချွန်ချွန်ဖြစ်အောင် ကြိုးစားကြမည်ဆိုပါက နိုင်ငံအတွက်ကောင်းကျိုးများစွာ ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

အားကစားဆိုသည်မှာ နုပျိုသောအရွယ်တွင်သာ ကစား၍ အကောင်းဆုံးဖြစ်ပြီး အစွမ်းပြ၍ အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် လူငယ်မောင်မယ်တို့ကို ညွှန်းဆိုခြင်းဖြစ်သော်လည်း အသက်အရွယ်ရလာသည့် အခါတွင်လည်း နည်းပြများအဖြစ်၊ အကြံပေးများအဖြစ် နိုင်ငံတော်ကို အကျိုးပြုနိုင်ကြသည်။ ယနေ့အချိန်အခါတွင် နိုင်ငံတော်အနေဖြင့်လည်း အားကစားကို အထူးအားပေးလျက်ရှိသည်မှာ လက်တွေ့မြင်တွေ့နိုင်သည့် အကြောင်းအချက်များဖြစ်သည်။

အားကစားအောင်မြင်မှုတိုင်းကို ချီးမြှင့်ငွေများ ထိုက်ထိုက်တန်တန် ပေးအပ်ခြင်း၊ အားကစားသမားများကို တန်ဖိုးထားခြင်းနှင့် (၁၀၂)နှစ်မြောက် အမျိုးသားနေ့တွင်လည်း အားကစားသမားများ၊  နည်းပြများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခြင်းတို့ဖြင့် အသိအမှတ်ပြုလျက်ရှိသည်။ အားကစားနည်းများဖြစ်သော ဘောလုံး၊ ဝူရှူး၊ အလေးမ၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ သေနတ်ပစ်၊ ပိုက်ကျော်ခြင်း၊ တင်းနစ်၊ ကာယဗလ၊ ရေကူး၊ လှေလှော်၊ ဘော်လီဘော၊ ခြင်းလုံး စသည့် အားကစားနည်းများအလိုက် လူမှုထူးချွန်တံဆိပ်များအပ်နှင်းခဲ့သည်မှာ အားကစားသမားများအတွက် ဝမ်းသာကြည်နူးဖွယ်ဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပေရာ မြန်မာ့အားကစား မြင့်မားရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည်လည်း အရေးပါလှသည်။ တပ်မတော်အနေဖြင့် တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့နှင့် တပ်မတော်အားကစား ကော်မတီများကို ဖွဲ့စည်းထားရှိပြီး   တပ်မတော်သား အားကစားသမားများ၏ အရည်အသွေးများ ပိုမိုထက်မြက်လာစေရန်နှင့်  အားကစားကို ဝါသနာပါသည့် တပ်မတော်သားများ စနစ်တကျလေ့လာ နိုင်စေရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ တပ်မတော်အနေဖြင့် တိုင်းပြည်၏ အားကစားကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်နှင့် မြန်မာ့လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး တပ်မတော်ဘောလုံးအကယ်ဒမီသင်တန်းကို ၂၀၁၅ ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် သင်တန်းအမှတ်စဉ်(၃)ထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်သည်။

ထို့ပြင် တပ်မတော်အနေဖြင့် အားကစားနည်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တပ်မတော်(ကြည်း၊ ရေ၊လေ) လက်ရွေးစင် အသင်းများတွင် သွေးသစ်လောင်းနိုင်သည့် မျိုးဆက်သစ် အားကစားသမားများကို မွေးထုတ်ပေးနိုင်ရေးအတွက် နှစ်စဉ်အားကစား ပြက္ခဒိန်ကိုရေးဆွဲပြီး တိုင်းစစ်ဌာနချုပ်များ အလိုက် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိသည်။ အားကစားမြှင့်တင်ခြင်းသည်  နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် စစ်သားကောင်း၊ အားကစားသမားကောင်းပီသသည့် စိတ်ဓာတ်များဖြင့် တပ်မတော်နှင့် နိုင်ငံတော်၏ပုံရိပ်ကို မြှင့်တင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။