တပ်မတော်သားတို့၏ စေတနာ မေတ္တာ အနစ်နာပြည့်ဝမှု

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်)

တပ်မတော်သားတို့၏ စေတနာ မေတ္တာ အနစ်နာပြည့်ဝမှု

ဝေးလံခေါင်းပါးသော ဒေသများရှိ တိုက်နယ်ဆေးရုံများတွင် တပ်မတော်မှ ပါရဂူများနှင့် ဆေးမှူးများ သွားရောက်တာဝန် ထမ်းဆောင်သည့်သတင်းမှာ ဒေသခံပြည်သူများအတွက် ဝမ်းသာဖွယ် သတင်းကောင်းဖြစ်သည်။ လူ့ဘဝရောက်လာသူတိုင်းသည် မိမိတို့နေထိုင်လိုသည့်ဘဝတွင် နေထိုင်ကြရသည်မဟုတ်ပေ။ လူတိုင်းသည် လမ်းပန်းဆက်သွယ်ရေးလွယ်ကူပြီး ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်သည့်ဒေသတွင် နေထိုင်လိုကြပေမည်။ သို့သော် ကံ ကံ၏အကျိုးအရ လူသားတို့တွင် ဆင်းရဲချမ်းသာ ကွာခြားခြင်း၊ နေရာဒေသကွာခြားခြင်းတို့ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

တပ်မတော်မှ ပါရဂူများနှင့် ဆေးမှူးများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ဝေးလံခေါင်းပါး၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများသို့ သွားရောက်တာဝန် ထမ်းဆောင်ကြသည်မှာ တာဝန်အရ ဆိုသည်ထက် ၎င်းတို့ကိုယ်တိုင် သဘောဆန္ဒအလျောက်ဖြစ်သည်။ အဆိုပါ ပါရဂူများနှင့်ဆေးမှူးများ၏ စေတနာ၊ မေတ္တာ၊ အနစ်နာ စိတ်ဓာတ်မှာ လေးစားဖွယ်ကောင်းလှသည်။ တပ်မတော်သားတို့သည် ပြည်သူမှမွေးဖွားလာသူများဖြစ်သည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ။ ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပါဟူသော ကျင့်ဝတ်များနှင့်အညီ ပြည်သူ့အကျိုး သယ်ပိုးနေခြင်း ဖြစ်သည်။

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးလျက်ရှိရာတွင် နေရာဒေသမကျန်၊ လူတန်းစားမကျန် ကောင်းကျိုးဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ဝေးလံခေါင်းပါး၍ သွားလာရန်အခက်အခဲရှိပြီး ဆရာဝန်လိုအပ်ချက်ရှိနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ကျန်းမာရေး လိုအပ်ချက်ရှိသည့် ဒေသခံပြည်သူတို့၏ ကျန်းမာရေး မြှင့်တင်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦး ပထမအကြိမ်အဖြစ် စတင်သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည်။ အဆိုပါ ပထမဦးဆုံးအသုတ်ရွေးချယ်မှုတွင်လည်း ကိုယ်တိုင်ဆန္ဒပြုသူ များပြားလွန်း၍ အလှည့်ကျ တာဝန်ထမ်းဆောင်စေခဲ့သည်။

ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦး သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည်။ တတိယအကြိမ် အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်သားဆရာဝန် ၄၆ ဦးတို့က သွားရောက်ထမ်းဆောင်ခဲ့ကြသည်။ ယခု ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် စတုတ္ထအကြိမ်အဖြစ် တပ်မတော်သားဆရာဝန်  ၁၈ ဦးတို့သွားရောက် တာဝန်ထမ်းဆောင်ကြပြီဖြစ်သည်။ တပ်မတော် သားတိုင်းသည် ပြည်သူ့အကျိုး သယ်ပိုးလိုသူများသာဖြစ်နေသည့်အတွက် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့များသည်လည်း ကျရာတာဝန်များကို ကြည်သာရွှင်ပျစွာ တာဝန်ထမ်းဆောင်လျက်ရှိကြသည်။ ယခုကဲ့သို့ ဝေးလံခေါင်းပါးလှသည့်ဒေသတွင် ကိုယ်တိုင် ဆန္ဒပြုတာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သား ဆရာဝန်ပေါင်းမှာ ၁၅၂ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

စတုတ္ထအကြိမ်အဖြစ် သွားရောက်တာဝန်ထမ်းဆောင်သည့် တပ်မတော်သားဆရာဝန်များအဖွဲ့တွင် မေ့ဆေးပါရဂူတစ်ဦး၊ ရောဂါ ဗေဒပါရဂူတစ်ဦး၊ ဇီဝဓာတုဗေဒပါရဂူတစ်ဦးနှင့် ဆေးမှူး ၁၅ ဦး စုစုပေါင်း၁၈ ဦးဖြစ်သည်။ ကုန်းလမ်းအရ သွားလာရခက်ခဲသော ဒေသများသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသကဲ့သို့ ရေလမ်းအရ သွားလာမှုမလွယ်ကူသောဒေသများသို့လည်း တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဖြင့် လှည့်လည်သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။

အဆိုပါ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ဖြင့် လှည့်လည်ကုသပေးမှုများကြောင့် ရောဂါဝေဒနာခံစားရမှုမှ ပျောက်ကင်းသွားသူများ၏ စကားသံများကို ကြားသိရသည်မှာလည်း ကြည်နူးဖွယ် အလွန်ကောင်းလှသည်။ အချို့သော ကျေးလက် ဒေသနေပြည်သူများမှာ ဆေးရုံဆေးခန်းဝေးကွာခြင်း၊ သွားလာမှုမလွယ်ကူခြင်းတို့ကြောင့် မိမိတွင် ရောဂါဝေဒနာ စွဲကပ်နေမှန်း သိလျက်နှင့် ကုသရန်ခက်ခဲမှုတို့ကြောင့် အံကြိတ်ခံစားနေကြရသည်။ ယခုကဲ့သို့ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ လာရောက်ကုသပေးသည့်အတွက် ၎င်းတို့မှာ မယုံကြည်နိုင်လောက်အောင် ဝမ်းသာပီတိဖြစ်ကြသည်။

အစဉ်အမြဲ လာရောက်ကုသပေးနိုင်ရန် တောင်းဆိုမှုများရှိနေသကဲ့သို့ ထိုသို့လာရောက်ကုသပေးရန် စီစဉ်ပေးသူအကြီးအကဲများ၊ ကုသပေးသူ ဆရာဝန်များ၊ သူနာပြုများကိုလည်း အထူးပင်ကျေးဇူးတင်ပါကြောင်းသူတို့၏ ရင်တွင်းစကားသံများကို ကြားသိရသည်။ တပ်မတော်သည် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါစတင်ကျရောက်သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှ စတင်ကာ ပြည်သူ လူထုကျန်းမာရေးစောင့်ရှောက်မှုကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့ ကြသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာမှုကို မှန်မှန်ကန်ကန်မသိရှိကြသူများသည် မိမိတို့လုပ်ငန်းခွင်များကို စွန့်ခွာမှုများရှိခဲ့သည်။ အထူးသဖြင့် ပြည်သူ့ဆေးရုံများတွင် ဆရာဝန်၊ သူနာပြုလိုအပ်ချက်များကိုလည်း တပ်မတော်ကပင်  ဖြည့်ဆည်း ဆောင်ရွက်ကုသပေးခဲ့ရသည်။ ယခုအခါ တပ်မတော်သားတို့၏ စေတနာ၊ မေတ္တာနှင့် လက်တွေ့လုပ်ဆောင်ချက်များမှာ ပြည်သူ့ကောင်းကျိုး သယ်ပိုးနေခြင်းဖြစ်ကြောင်း ဒေသခံပြည်သူတို့၏ စကားသံများက သက်သေပြလျက်ရှိပါကြောင်း ရေးသား လိုက်ရပေသည်။  ။