ယခုနှစ်အတွင်း ဥရောပက ရုရှားမှသဘာဝဓာတ်ငွေ့အရည် ၄၂ ရာခိုင်နှုန်းအထိ တိုးမြှင့်တင်သွင်း

ယခုနှစ်အတွင်း ဥရောပက ရုရှားမှသဘာဝဓာတ်ငွေ့အရည် ၄၂ ရာခိုင်နှုန်းအထိ တိုးမြှင့်တင်သွင်း

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဥရောပက ရုရှားမှ သဘာဝဓာတ်ငွေ့အရည်တင်သွင်းမှုကို တိုးမြှင့်လာရာ ၄၂ ရာခိုင်နှုန်းအထိမြင့်တက်လာကြောင်း ဗြိတိန်ငွေရေးကြေးရေးဆိုင်ရာ သတင်းစာတစ်စောင်က ဖော်ပြထားသည်။

အဆိုပါကာလအတွင်း ဥရောပက ရုရှားမှ သဘာဝဓာတ်ငွေ့အရည်တင်သွင်းမှုပမာဏသည် ၁၇ ဒသမ ၈ ဘီလီယံကုဗမီတာရှိကာ ဘယ်ဂျီယံ၊ ပြင်သစ်၊ စပိန်နှင့်နယ်သာလန်နိုင်ငံတို့က ရုရှားမှအများဆုံး တင်သွင်းသူများဖြစ်ကြောင်း သတင်းစာတွင်ဆက်လက် ဖော်ပြထားသည်။

ယခုနှစ်အတွင်း  ဥရောပက  ကမ္ဘာ့ဈေးကွက်မှ    သဘာဝဓာတ်ငွေ့အရည်တင်သွင်းမှုပမာဏသည် ၁၁၁ ဘီလီယံကုဗ မီတာရှိသောကြောင့် တင်သွင်းမှုပမာဏအားဖြင့် ၇၀ ရာခိုင်နှုန်းမြင့်တက်လာခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဥရောပက စွမ်းအင်များတင်သွင်းမှုကြောင့် ရုရှားသည် ဥရောပသို့စွမ်းအင် ဒုတိယအများဆုံး တင်ပို့ရသည့် နိုင်ငံဖြစ်လာသော်လည်း ယခုနှစ်အတွင်း ဈေးကွက်ဝေစုပမာဏ ၁၆ ရာခိုင်နှုန်း ကျဆင်းသွားသည်။ သို့သော် ဥရောပက အမေရိကန်နိုင်ငံမှ သဘာဝဓာတ်ငွေ့တင်သွင်းမှုမှာမူ မြင့်တက်လာသည်။ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် အထူးစစ်ဆင်ရေးဆင်နွှဲသည့်အချိန်မှစ၍ အနောက်အုပ်စုက ရုရှားနိုင်ငံ၏အဓိက ဝင်ငွေလမ်းကြောင်းအပေါ်   ပိတ်ဆို့ရန် ရည်ရွယ်၍ စွမ်းအင်ကဏ္ဍတွင် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ယခုအခါ ရုရှားနိုင်ငံမှရေနံဈေးနှုန်းကို ပုံသေဈေးနှုန်းတစ်ခုတွင်ထား၍ သတ်မှတ်ရန် အနောက်အုပ်စုက ကြိုးပမ်းလျက်ရှိပြီး နိုင်ငံအားလုံးကလည်း ၎င်းင်းတို့၏လုပ်ဆောင် ချက်ကိုထောက်ခံကာ လိုက်ပါလုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း သိရသည်။

Ref: Sputnik