လူကိုကူးစက်နိုင်သောတိရစ္ဆာန်များတွင်တွေ့ရသည့် “သန်ရောဂါ” တောက်ဆိုပလာစမိုးစစ် (Toxoplasmosis)

လူကိုကူးစက်နိုင်သောတိရစ္ဆာန်များတွင်တွေ့ရသည့် “သန်ရောဂါ” တောက်ဆိုပလာစမိုးစစ် (Toxoplasmosis)

တောက်ဆိုပလာစမိုးစစ် (Toxoplasmosis) ဟာ ပရိုတိုဇိုဝါး (Protozoa) ကပ်ပါးကောင်ကြောင့်ရရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ယခုအခါ AIDS ရောဂါသည်တွေမှာ ကြားဝင်လာတဲ့ ရောဂါအဖြစ် ထင်ရှားနေပါတယ်။ ကမ္ဘာအနှံ့ဖြစ်ပွားနိုင်ပြီး  ပူနွေးတဲ့ ရာသီဥတုရှိရာ နေရာတွေမှာ အဖြစ်များတယ်။ ပြင်သစ်နိုင်ငံမှာ အသားစိမ်းနဲ့ မကျက်တကျက်ချက်ထားတဲ့ အသားတွေစားမိကာ “တောက်ဆို ပလာစမိုးစစ်ရောဂါ” အဖြစ်များတယ်လို့ ဆိုကြတယ်။ အမေရိကန်အလယ်ပိုင်းဒေသတွေမှာ လမ်းဘေးကြောင် တွေကြောင့် ရောဂါဖြစ်နှုန်းများပြားပြီး သွေးရည်ကြည်စစ်ဆေးချက်အရ ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ ယင်းရောဂါရှိတယ် လို့ဆိုတယ်။ နှစ်စဉ်လူပေါင်း ၅၀၀ကျော် ရောဂါခံစားနေရပါတယ်။

ကြောင်၊ ကြွက်၊ ဝက်၊ လင်းနို့၊ ခွေး၊ သိုး၊ ကျွဲ၊ နွား တို့ဟာ ကြားလက်ခံကောင်တွေပဲဖြစ်တယ်။ ရောဂါဖြစ်တဲ့အကြောင်းရင်းကိုကြည့်ရင်  တောက်ဆိုပလာစမာဂွန်ဒီ (Toxoplasma Gondi)ဟာ သွေးနွေးသတ္တဝါနဲ့လူများကို “တောက်ဆိုပလာစမိုးစစ် (Toxoplasmosis)” ဖြစ်စေပါတယ် လူမှာရောဂါကူးစက်ခြင်းကိုကြည့်ရင် ခုခံအားကျဆင်းရောဂါဖြစ်နေသူတွေမှာ ယင်းရောဂါဟာ ဘာလက္ခဏာမှ မပြဘူး၊ ၁၀-၂၀ ရာခိုင်နှုန်း AIDS ရောဂါသည်တွေမှာလည်ပင်းက အကျိတ်တွေရောင်ရမ်းပြီး တုပ်ကွေးပုံစံ လက္ခဏာပြတယ်။ တောက်ဆိုပလာစမိုးစစ်ကြောင့် AIDS ရောဂါသည်တွေမှာ ဗဟိုအာရုံကြောဆိုင်ရာ ထိခိုက်မှုတွေရှိကြောင်းလည်း သိရပါတယ်။

ရောဂါသံသရာလည်ပုံကိုကြည့်ရင် ကြောင်မျိုးနွယ်တွေက တောက်ဆိုပလာစမိုးစစ် ကပ်ပါးကောင်ကို အဓိကလက်ခံတဲ့ အမှီခံ  ဖြစ်ကြတယ်။ ကြောင်ဟာ အသားစိမ်းစားခြင်း အလေ့အထရှိလို့ တောက်ဆိုပလာစမိုးစစ်ပိုးကို အများဆုံး လက်ခံရရှိကြတယ်။   ယင်းကပ်ပါးကောင်ပါရှိတဲ့ အရည်အိတ်  သို့မဟုတ် ဥပါတဲ့ အရည်အိတ်ရှိတဲ့ အသားတွေကို စားမိရင် ကပ်ပါးကောင်လောင်းဟာ ကြောင်ရဲ့  အူအတွင်းမှာ  အရည်အိတ်တွင်းမှ ဖောက်ထွက်လာတယ်။ အဲ့ဒီနောက် အူနံရံရှိဆဲလ်တွေအတွင်း  ထိုးဖောက်ဝင်ရောက်ပြီး မျိုးပွားခြင်းပြုလုပ်ကြတယ်။ ယင်းမှတစ်ဖန် ဥပါတဲ့အရည်အိတ်တွေ ထပ်မံထုတ်လာပြီး ပြင်ပကို စွန့်ထုတ်ကြတယ်။ တစ်ပတ်မှ  နှစ်ပတ်အတွင်း ကြောင်တစ်ကောင်ဟာ အရည်အိတ်တွေ စွန့်ထုတ်နိုင်တယ်။ ဥပါအရည်အိတ်တွေဟာ ပတ်ဝန်းကျင်မှာ လပေါင်းများစွာ  ရှင်သန်နေနိုင်ပြီး ပိုးသတ်ဆေး၊ အအေးခံခြင်း၊ အခြောက်ခံခြင်းတို့နဲ့ ဖျက်ဆီးလို့မရပါ။ ၇၀ ဒီဂရီ စင်တီဂရိတ်ရှိတဲ့  အပူချိန်မှာ ၁၀ မိနစ်ခန့် အပူပေးပြီး ဖျက်ဆီးနိုင်ပါတယ်။

လူမှာတောက်ဆိုပလာစမိုးစစ် ရောဂါရနိုင်တဲ့ လမ်းကြောင်းတွေက တောက်ဆိုပလာစမိုးစစ် အရည်အိတ်ပါတဲ့ အသားကို  မကျက်တကျက် ချက်စားခြင်း၊ မသန့်ရှင်းတဲ့ လက်ကတစ်ဆင့် သန်ဥတွေစားမိခြင်းနဲ့ ကိုယ်အင်္ဂါများ အစားထိုးကုသခြင်း သို့မဟုတ် သွေးသွင်းခြင်းတို့မှ ရောဂါကူးစက်စေပါတယ်။ ကပ်ပါးကောင်ဟာ အမှီခံသတ္တဝါရဲ့ အသားမျှင်များ၊ နှလုံးကြွက်သားများနဲ့ ဦးနှောက်တို့မှာ ဘဝတစ်လျှောက်လုံး ရှိနေတတ်တယ်။

ရောဂါမဖြစ်အောင် တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ရမယ်။ သားစိမ်း ငါးစိမ်းမစားသင့်ပါဘူး။ မကျက်တကျက် ချက်မစားသင့်ပါဘူး။ ကြောင်တွေရဲ့ မစင်ကိုင်မိရင် လက်ကိုစင်ကြယ်စွာ ဆေးကြောရမယ်။ အသားတွေကို ၆၀ ဒီဂရီ စင်တီဂရိတ်ရှိတဲ့အပူချိန်မှာ ချက်ရင် အသားထဲရှိ ဥပါအရည်အိတ်ကို ဖျက်ဆီးနိုင်တယ်။ ပတ်ဝန်းကျင် အခြေအနေပေးရင် ဥပါအရည်အိတ်တို့ဟာ ကြောင်ရဲ့မစင်ထဲမှာ  တစ်နှစ် သို့မဟုတ် အဲ့ဒီထက်ပိုပြီး ရှင်သန်နေနိုင်စွမ်းရှိတယ်။ ဒါကြောင့် ကလေးငယ်တွေကိုခွေးကြောင်တို့ရဲ့ မစင်ရှိတဲ့ နေရာ မြေကြီးတို့မှာ မကစားခိုင်းသင့်ဘူး။ ကြောင်ရဲ့ မစင်ထားရာခွက်ရှိရင် နေ့စဉ်သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။   အသားခြောက်များ၊ အသားကင်များကို သေချာစွာ ကျက်အောင်ချက်ပြီးမှသာ  စားသောက်သင့်ပါတယ်။

တောက်ဆိုပလာစမိုးစစ် ရောဂါကုသရာမှာ ကိုယ်ဝန်ရှိပါက စပရာမိုင်ဆင် သို့မဟုတ် ပိုင်ရင်မက်သမင်၊ ဆာလ်ဖာဒိုင်ရာဇင်းနဲ့   ဖောလင်းနစ်အက်စစ်တို့ ပေးနိုင်ပါတယ်။ ကြောင်၊ ခွေး၊ ဝက်တို့ သန်ချဆေးကျွေးရင် ရနိုင်ပါတယ်။ တောက်ဆိုပလာစမိုးစစ် ရောဂါရှိတဲ့ အသားကိုစားမိတဲ့တိုင် သေချာစွာ ချက်ပြုတ်စီစဉ်ထားရင် တောက်ဆိုပလာစမိုးစစ်ရောဂါ မဖြစ်နိုင်ဘူး။ တောက်ဆို ပလာစမိုးစစ်ဟာ တိရစ္ဆာန်မှာတွေ့ရတတ်တဲ့ “သန်ရောဂါ” ကို လူမှာတွေ့ရှိခြင်းပဲဖြစ်လို့ သတ္တဝါအိမ်မွေး တိရစ္ဆာန်တွေမွေးထားရင်  တစ်ကိုယ်ရေသန့်ရှင်းရေးလိုအပ်မှာ ဖြစ်တယ်။ သားစိမ်းငါးစိမ်းမစားစေဖို့၊ မြေကြီးထဲမကစားစေဖို့ ရှောင်ကြဉ်သင့်တယ်။  တစ်နှစ်မှာ တစ်ကြိမ်လောက် သန်ချဆေး ကျွေးသင့်ပါတယ်။

လူသို့ကူးစက်မှုကိုကြည့်ရင် ရောဂါရှိတဲ့ အသားကို မကျက်တကျက် သို့မဟုတ် အစိမ်းစားမိခြင်း၊ မတော်တဆ အသားမကျက် တကျက်စားမိခြင်း၊ တိရစ္ဆာန် သို့မဟုတ် အသားစိမ်း၊ အသားကင်ချောင်းတို့ ကိုင်တွယ်ပြီး စနစ်တကျ ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကြာ မဆေးခြင်း၊ မီးဖိုချောင်သုံး ဓား၊ စဉ်းတီတုံး၊ သားခုတ်နေရာ သန့်ရှင်းမှုမရှိခြင်း၊ ပန်းကန်ခွက်ယောက်များ စနစ်တကျ ရေဆပ်ပြာတို့နဲ့ ပြန်မဆေးခြင်း၊ ရောဂါပိုးပါတဲ့ သောက်ရေသောက်မိခြင်းတို့က ရရှိနိုင်တယ်။

မတော်တဆအနေနဲ့ ကြောင်သန်းကတစ်ဆင့် တောက်ဆိုပလာစမိုးစစ်ရောဂါက အရေပြားရှနာကနေ မမျှော်လင့်ဘဲကူးနိုင်တယ်။   မသန့်ရှင်းတဲ့ ကြောင်ချေး၊ ခွေးချေးတွေ မြေသြဇာလုပ်ပြီး စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တို့ကို သေချာစင်ကြယ်စွာ မဆေးကြောဘဲ စားမိရင် တောက်ဆိုပလာစမိုးစစ် ရောဂါရရှိနိုင်တယ်။

ရောဂါရရှိသူမှာ ရောဂါလက္ခဏာ သိပ်မသိသာဘူး။ အကျိတ်ကြီးလာခြင်း၊ တုပ်ကွေးလိုအဖျားဝင်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ လနဲ့ချီကာ ကိုက်ခဲခြင်းတို့ ဖြစ်နိုင်တယ်။ သိပ်ပြင်းထန်ရင် ဦးနှောက်၊ မျက်လုံးနဲ့ အင်္ဂါထဲရောက်ရှိရင်၊ လူရဲ့ ခုခံမှုစနစ် ကျဆင်းနေရင် မျက်စိကွယ်ခြင်းစတဲ့ ဆိုးကျိုးအထိရှိနိုင်တယ်။

တောက်ဆိုပလာစမိုးစစ်ရောဂါကြောင့် မျက်စိလက္ခဏာတွေက မြင်ကွင်းအားနည်းခြင်း၊ အမြင်မှုန်ဝါးခြင်း၊ အလင်းရောင် မခံနိုင်ခြင်း၊ မျက်ရည်နည်းလာခြင်းတို့ဖြစ်တယ်။ မျက်စိပါရဂူက ယင်းရောဂါအကြောင်း စဉ်းစားထားမှသာ လူနာရဲ့ မျက်စိမြင်နိုင်စွမ်းကို ကုသနိုင်မှာဖြစ်တယ်။ ရုတ်တရက် ဗိုင်းရပ်ဝင်ရောက်ခြင်း၊ နာတာရှည်ဗိုင်းရပ်ရောဂါ (အေအိုင်ဒီအက်စ်) ရောဂါတွေမှာ တောက်ဆို ပလာစမိုးစစ်ရောဂါ တွေ့ရှိနိုင်တယ်။ မိခင်မှာ ရောဂါရှိရင် ရင်သွေးမှာ မျက်စိနဲ့ ဦးနှောက်ပျက်စီးခြင်းအထိ ဆိုးရွားနိုင်တဲ့ ရောဂါလည်း ဖြစ်တယ်။ ။   

ဒေါက်တာလွင်သန့်