ဆောင်းနေကြာစိုက်ပျိုးမည့်တောင်သူများအား နေကြာသီးနှံမျိုးစေ့ပေးအပ်

ကျိုက်မရော၊ စိုက်ပျိုးရေး

ဆောင်းနေကြာစိုက်ပျိုးမည့်တောင်သူများအား နေကြာသီးနှံမျိုးစေ့ပေးအပ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် စီမံကိန်းဆီထွက် သီးနှံဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် နေကြာစိုက်ပျိုးမည့် တောင်သူများအား ဆောင်းနေကြာမျိုးစေ့ ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီတွင် နောင်လုံကျေးရွာ နေကြာစိုက်ကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက တောင်သူများအား နေကြာမျိုးစေ့ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးလှတင်မောင်က ဆောင်းနေကြာ စိုက်ပျိုး ထုတ်လုပ်မှုနှင့် မျိုးစေ့များ၏ အရည်အသွေး လက္ခဏာများအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဆောင်းနေကြာသီးနှံစိုက်ပျိုးမည့်တောင်သူ ၃၂၀ ဦးတို့အတွက် နေကြာမျိုးအိတ်များကို တစ်ဧကလျှင်တစ်အိတ်နှုန်းဖြင့် ရေဆင်း -၁ မျိုးနေကြာမျိုးစေ့အိတ် ၇၀၀ အား ကျေးရွာအုပ်စုများအလိုက် ပေးအပ်သည်။ ကျိုက်မရောမြို့နယ်၌ ဆီရိက္ခာဖူလုံမှုကို အထောက်အကူ ဖြစ်စေရန် ၂၀၂၂-၂၀၂၃ ခုနှစ် အတွက် လျာထားဧက ၁၀၅၀ ဧကတွင် စိုက်ပျိုးပြီး နေကြာဧက ၁၁၈ ဧက ရှိကြောင်းနှင့်မျိုးစေ့ အိတ် ၉၀၀ အား အမှန်တကယ်စိုက်ပျိုးမည့် တောင်သူများထံ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ ထို့ပြင် စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်ချေးငွေများနှင့် နယူးရီးယား ဓာတ်မြေသြဇာအိတ်များကိုပါ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးလှတင်မောင်ထံမှ သိရသည်။        

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)