အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၃၀

အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု   ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင်    အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်။

 ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်လိုသည့် အချက် ၁၁ ချက်နှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့မှ တစ်ချက်ချင်းအလိုက် အဆိုပြုတင်ပြပြီး ညှိနှိုင်းရေး ကော်မတီမှ လေ့လာဆန်းစစ် တွေ့ရှိချက်များကို တစ်ချက်ချင်းအလိုက်   အလွတ်သဘော ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး အဆိုပြုချက်များအပေါ် တက်ရောက်လာသူများက မိမိတို့၏ သဘောထားများကို အပြန်အလှန်ဆွေးနွေး ညှိနှိုင်းကြသည်။

ယင်းနောက် နှစ်ဖက်ဆွေးနွေးချက်များ အရ ရရှိလာသည့် သဘောထားများအား သဘောထား စုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။ ထို့နောက် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့်   အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က  နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ကြပြီး  တွေ့ဆုံဆွေးနွေးပွဲကို  ရုပ်သိမ်းလိုက်ကြောင်း သိရသည်။