(၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာပြပွဲကို ဒီဇင်ဘာ ၂၆ ရက်မှ ၂၈  ရက်အထိ ကျင်းပသွားမည်

(၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာပြပွဲကို ဒီဇင်ဘာ ၂၆ ရက်မှ ၂၈  ရက်အထိ ကျင်းပသွားမည်

နေပြည်တော် နိုဝင်ဘာ ၃၀

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲအား  ကျောင်းသား၊ ကျောင်းသူများ  စာအုပ်စာစောင်များကို တန်ဖိုးထား ဖတ်ရှုလိုစိတ်ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏ အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊  ရုပ်ရှင်အနုပညာမှတစ်ဆင့်  မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံ ခံစားရမှုများကိုသိမြင်စေကာ  မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှ တစ်ဆင့် မြန်မာနိုင်ငံ၏   အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှုနှင့်   ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသ အလှအပများကို သိရှိခံစားပြီး  မိမိတို့၏တိုင်းဒေသကြီး၊ ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ  ဖြစ်ပေါ်လာစေရန်နှင့်   ပြခန်းများ ခင်းကျင်းပြသမှုများမှ တစ်ဆင့် ဝန်ကြီးဌာန အသီးသီးက   ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင်စေရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) ၌ ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်   လူငယ်နှင့်စာပေအနု ပညာပြပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ပြန်ကြား ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်း၊ ဦးရဲတင့်၊ ဦးဇော်ဝင်း၊ ဒေါက်တာအေးထွန်း၊  ဒေါက်တာစိုးဝင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက   (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အစီအစဉ်များစွာအနက်မှ   လူငယ်နှင့် စာပေအနုပညာ ပြပွဲသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ယခင်နှစ်က ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် လူငယ်နှင့်စာပေပွဲတော်ကို ကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင် ပိုမိုထူးခြားလေးနက်အောင် လူငယ်နှင့်စာပေ အနုပညာပြပွဲဟု အမည်ပြောင်းလဲ၍  နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပြီး  ကျောင်းသားလူငယ်များ၊ ဝန်ထမ်းမိသားစုများ အားလုံး    ပါဝင်နိုင်အောင် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြပွဲတွင် လူငယ်နှင့် ပတ်သက်သည့်အကြောင်း အရာများ၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့် စာပေဆိုင်ရာ  သိသင့်သိထိုက်သည်များ ကို    ဦးစားပေးပြသသွားမည်ဖြစ်ကြောင်း၊

ကလေးများအတွက်   စိတ်ဝင်စားဖွယ်အစီ အစဉ်များ၊ ပျော်ပျော်ရွှင်ရွှင်ဖြင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်မည့်   အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ပြပွဲကို   အဓိပ္ပာယ်ရှိရှိ၊ အနှစ်သာရရှိရှိဖြစ်အောင် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ပြောကြားသည်။

ထို့နောက်   ဒုတိယဝန်ကြီး ဦးရဲတင့်က ပြပွဲတွင်ပါဝင်မည့် ဝန်ကြီးဌာနများ အနေဖြင့် ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက်  အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြပွဲတွင်ပါဝင်မည့် စာပေ ဆိုင်ရာပြသမည့် အစီအစဉ်၊ အနုပညာဆိုင်ရာ ပြသမည့်အစီအစဉ်၊ ပြခန်းများပြသမည့် အစီအစဉ်များ၊ ကော်မတီနှင့်ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍  ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာကြသူများက  လူငယ်များ ကျန်းမာကြံ့ခိုင်ရေး၊ စာရိတ္တနှင့် စိတ်ဓာတ်မြှင့်တင်ရေး ဆိုင်ရာအတွက် ပါဝင်မည့်အစီ အစဉ်များ၊   ပြခန်းများ ခင်းကျင်းပြသမှုနှင့် လူငယ်နှင့်စာပေအနုပညာပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်သွားမည့်    အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက်      ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးတင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။ 

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာပြပွဲတွင် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်ခြင်း၊ ၂၀ ရာစု စာရေးဆရာများ၏ ဓာတ်ပုံများ ခင်းကျင်းပြသခြင်း စသည်ဖြင့်  စာပေဆိုင်ရာ ပြသမည့်အစီအစဉ်များ၊   ဓာတ်ပုံများ ခင်းကျင်းပြသခြင်း၊ ကြီးမြတ်သော မြန်မာ၊ သူ့ကျွန် မခံပြီ၊   ငဘရုပ်ရှင်ကားများ စသည်ဖြင့် အနုပညာဆိုင်ရာပြသမည့် အစီအစဉ်များ၊ ဝန်ကြီးဌာနများအလိုက် ပြခန်းများ ခင်းကျင်းပြသမည့်အစီအစဉ်များကို လူငယ်များအတွက် အဓိကထား၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။