တရုတ်သမ္မတဟောင်းကျန်ဇီမင်း အသက် ၉၆ နှစ်တွင်ကွယ်လွန်

တရုတ်သမ္မတဟောင်းကျန်ဇီမင်း အသက် ၉၆ နှစ်တွင်ကွယ်လွန်

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းသည် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီ ၁၃ မိနစ် အသက် ၉၆ နှစ်တွင် ရှန်ဟိုင်းမြို့၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း CCTV သတင်းဌာနက ဖော်ပြထားသည်။

ကျန်ဇီမင်းသည် သွေးကင်ဆာရောဂါခံစားနေရသူဖြစ်ပြီး ကိုယ်တွင်းအင်္ဂါများလည်း ပျက်စီးနေသောကြောင့်   ၎င်းင်းကို ကယ်ဆယ်ရန်မည်သို့မျှမတတ်နိုင်ကြောင်း သတင်းဌာန၏ တင်ပြချက်တွင်တွေ့ရသည်။

ကျန်ဇီမင်းကို ၁၉၂၆ ခုနှစ် သြဂုတ် ၁၇ ရက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်းကျန်းစုပြည်နယ်ရှိ ယန်ကျိုးမြို့၌မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏မိသားစုနှင့်ပတ်သက်၍ လူသိနည်းသည်။

၁၉၄၆ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့သည့် ကျန်ဇီမင်းသည် ၁၉၈၀ ပြည့်နှစ်အစောပိုင်းတွင် နိုင်ငံတော်ပို့ကုန်ထိန်းချုပ်ရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကော်မရှင်၌ ထိပ်တန်းရာထူးများကို ရယူနိုင်ခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ရှန်ဟိုင်းမြို့တော်ဝန်အဖြစ် တာဝန်ယူနိုင်ခဲ့သည့်အပြင် ၁၉၈၇ ခုနှစ်တွင်   တရုတ်ကွန်မြူနစ်ပါတီ၏ ရှန်ဟိုင်းမြူနီစပယ်ကော်မတီ အတွင်းရေးမှူးဖြစ်လာသည်။

၁၉၈၉ ခုနှစ် ဇွန်လမှစ၍ ပေါလစ်ဗြူရိုအမြဲတမ်းကော်မတီ အဖွဲ့ဝင်နှင့်ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ဖြစ်လာသူကျန်ဇီမင်းသည် ယင်းနှစ်နိုဝင်ဘာလတွင် စစ်ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်များကိုထမ်းဆောင်ခဲ့သည်။

ထို့နောက် ၁၉၉၃ ခုနှစ် မတ်လ ၂၇ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတအဖြစ် တာဝန်ယူကာ ၂၀၀၃ ခုနှစ် မတ်လ ၁၅ ရက်တွင် သမ္မတရာထူးမှနုတ်ထွက်ပြီး ဟူကျင်တောင်ကို သမ္မတအဖြစ် ခန့်အပ်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

Ref: Sputnik