အထူးကုဆေးရုံကြီး ခုတင် - ၅၀၀ ရန်ကုန်၌ (၅၅)ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင်စွာ ဆောင်ရွက်

အထူးကုဆေးရုံကြီး ခုတင် - ၅၀၀ ရန်ကုန်၌ (၅၅)ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင်စွာ ဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၁

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလနောက်ပိုင်း ရပ်နားထားခဲ့ရသောကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့်   တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း အထူးကုဆေးရုံကြီးခုတင်-၅၀၀ ရန်ကုန်မြို့၌ ဆေးရုံအုပ်ကြီး၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး၊ အထူးကုဆရာဝန်ကြီးများ၊ အငြိမ်းစား ဆေးပညာရှင်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျောက်ကပ်အစားထိုးကုသမှုဆောင်ရွက်မည့် အစီအစဉ်အတွက် အသေးစိတ် ညှိနှိုင်းဆွေးနွေးကာ  လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။ 

ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့်  ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး၊ တာဝန်ခံဆရာဝန်ကြီးများ၊ သူနာပြုများ၏ပူးပေါင်းပါဝင်မှုဖြင့် အထူးကုဆေးရုံကြီးခုတင်-၅၀၀ ရန်ကုန်၌ နိုဝင်ဘာ ၂၉ ရက်တွင် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ပြန်လည်ဆောင်ရွက်နိုင်ခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာသီတာလှနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ ခွဲစိတ်ကုသမှု ဆောင်ရွက်သူများ၊ လူနာနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က လူနာအတွက်  အလှူငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သိန်း ၅၀ ကိုလည်းကောင်း ပေးအပ်သည်။

အထူးကုဆေးရုံကြီးခုတင်-၅၀၀ ရန်ကုန်မြို့တွင် လူနာ မခင်ညိုညိုထွေး အသက် (၂၃)နှစ်၊ အလှူရှင် မသင်းပြည့်ပြည့်မိုး အသက် (၂၅)နှစ် ညီအစ်မအတွဲအား ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်းကို နိုဝင်ဘာ၂၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ  ၁၅ မိနစ်တွင် ခွဲစိတ်ကုသမှု အောင်မြင်စွာ ပြီးစီးခဲ့ပြီး လူနာနှင့် ကျောက်ကပ်အလှူရှင်တို့၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီး အထူးကြပ်မတ် ကုသဌာန၌ထားရှိ၍ စောင့်ကြည့်ကုသမှု ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အထူးကုဆေးရုံကြီးခုတင်-၅၀၀ရန်ကုန်မြို့မှ  ပါမောက္ခ/ဌာနမှူး (ဆီးနှင့်ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာကျော်စိုးကျော် ဦးဆောင်သော ဆီးနှင့်ကျောက်ကပ် ခွဲစိတ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး (ဆီးနှင့်ကျောက်ကပ်ဆေးကု) ပါမောက္ခဒေါက်တာဝင်းဝင်းလှိုင် ဦးဆောင်သော ဆီးနှင့်ကျောက်ကပ် ဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊   ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး(မေ့ဆေး) ပါမောက္ခ ဒေါက်တာမူမူနိုင် ဦးဆောင်သော မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး (ဓာတ်မှန်) ပါမောက္ခဒေါက်တာအောင်ချိုထွန်း ဦးဆောင်သော ဓာတ်မှန်ဆိုင်ရာလုပ်ငန်းအဖွဲ့၊ အမျိုးသားသွေးဌာနရန်ကုန်မြို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင် ဦးဆောင်သော သွေးနှင့်သွေးပစ္စည်းဆိုင်ရာအထောက်အကူပြုလုပ်ငန်းအဖွဲ့၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်မြို့မှ ညွှန်ကြားရေးမှူး (ရောဂါဗေဒ) ဒေါက်တာဆွေဆက် ဦးဆောင်သော  ရောဂါရှာဖွေရေးလုပ်ငန်းအဖွဲ့တို့က အငြိမ်းစားဆေးပညာရှင်များ ဖြစ်သည့် ပါမောက္ခဒေါက်တာသန်းအေး၊ ပါမောက္ခဒေါက်တာကျော်စွာလှိုင်၊ ပါမောက္ခဒေါက်တာဘုန်းမြင့်၊ ပါမောက္ခဒေါက်တာခင်မောင်ဌေး၊ ပါမောက္ခ  ဒေါက်တာကြည်ကြည်စန်း၊ ကျွမ်းကျင်သူနာပြုများ၊ အထူးကုဆေးရုံကြီး ခုတင်-၅၀၀ ရန်ကုန်မှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနှင့်   ဆေးရုံစီမံခန့်ခွဲမှု ကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 အထူးကုဆေးရုံကြီးခုတင်-၅၀၀ ရန်ကုန်တွင် ဆေးရုံကြီးစတင်ဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ်မှစတင်၍ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများ စတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် လေးကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ၁၀ ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ၁၀ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ကိုးကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ကိုးကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ၁၀ ကြိမ်နှင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ နှစ်ကြိမ် စုစုပေါင်း  ၅၄ ကြိမ် အောင်မြင်စွာ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအကြိမ်သည် (၅၅) ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု ဖြစ်ကြောင်း သိရသည်။