လုပ်ငန်းများအောင်မြင်ရေး တက်ညီလက်ညီဆောင်ရွက်ပေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်)

လုပ်ငန်းများအောင်မြင်ရေး တက်ညီလက်ညီဆောင်ရွက်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက် လျက်ရှိရာတွင် အဓိကအားဖြင့် မိမိနိုင်ငံမှကုန်ထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်း ပေါများလာမှသာ ပြည်သူအများစု၏ စားဝတ်နေရေး ပြေလည်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများ ဖွံ့ဖြိုးလာရေးကို အထူးအားပေး မြှင့်တင် လျက်ရှိပြီးလုပ်ငန်းများအတွက် လိုအပ်သည့်ငွေကြေးဆိုင်ရာများ၊ နည်းပညာပိုင်းဆိုင်ရာများကိုလည်း ကူညီဖြည့်ဆည်း ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၂၈ ရက်က မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအား မကွေးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားခဲ့သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် မကွေးတိုင်းဒေသကြီးသို့ ဒုတိယအကြိမ်ရောက်ရှိခြင်းဖြစ်သည်။ ယခင်ကထက် သိသိသာသာ တိုးတက်မှုရှိလာသည်ကို အားရဖွယ် တွေ့မြင်ရကြောင်း နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးရာတွင် “စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် အဓိကကျကြောင်း၊ ယင်းလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းသည် အခြေခံကျသည့် ကျေးလက်စီးပွားရေးကို မြှင့်တင်ခြင်းပင်ဖြစ်ကြောင်း၊ ကျေးလက်စီးပွားရေးတိုးတက်လာပါက ဝယ်လိုအားတက်လာပြီး လူမှုစီးပွား ဘဝတိုးတက်လာစေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

ကုန်ထုတ်လုပ်မှု လုပ်ငန်းများကောင်းမွန်တိုးတက်မှသာလျှင် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာမည်ဖြစ်သည်။   ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သယံဇာတပစ္စည်းမှထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များမှ ထုတ်လုပ်ခြင်းဟူ၍ ရှိသည်။ ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ကြရသည်။  မြို့ပြ၌နေထိုင်ကြ သူများအနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့်ထွက်ကုန်များဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက် နေကြရသည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်လမ်းညွှန်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခင်ကာလများက ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို စိတ်ပါဝင်စားမှုနည်းပါးခဲ့ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ခြင်းမရှိခဲ့သည့်အတွက် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ရသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးလျက်ရှိသည့်အတွက် ကုန်သွယ်မှု ပိုငွေများပင် ရှိလာခဲ့ပြီဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲအမျိုးမျိုးကြားမှ ကြိုးပမ်း ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံပျက်စီးရေးအတွက် နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများရှိခဲ့သည်။ မဟုတ်မမှန် သွေးထိုး လှုံ့ဆော်မှုများကြောင့် ဆူပူအကြမ်းဖက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။ ထိုကဲ့သို့ အခက်အခဲများ ဖြစ်ပေါ်ခဲ့သည့်ကြားမှ မကွေးတိုင်းဒေသကြီးသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အားလုံးက  ဝိုင်းဝန်းဆောင်ရွက်မည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ယခုထက်ပိုမို တိုးတက်အောင်မြင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိလာမည်ဖြစ်သည်။

ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်ရာတွင် ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် လူသုံးကုန်ပစ္စည်းများကို လုံလောက်စွာ ထုတ်လုပ်နိုင် မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးကို ဆောင်ရွက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးက အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဆိုလိုသည်မှာ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်နေမည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာမည်။ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေရခြင်းမျိုးရှိတော့ မည်မဟုတ်ပေ။

အသိပညာရှင်၊ အတတ်ပညာရှင်နှင့် လုပ်ငန်းရှင်တိုင်းက မိမိနိုင်ငံတော်ကိုချစ်သည့်စိတ်၊ မိမိလူမျိုးကိုချစ်သည့်စိတ်ဖြင့် ပူးပေါင်း လုပ်ဆောင်ကြမည်ဆိုပါက MSME လုပ်ငန်းများ အောင်မြင်နေမည်သာဖြစ်သည်။ MSME လုပ်ငန်းများတွင် ဝန်ဆောင်မှု လုပ်ငန်းများ သည်ပါဝင်ပေရာ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကို အားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော်  နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင် အားလုံးက တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။