၂၀၂၂ ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၁

၂၀၂၂ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနားကို ယနေ့ နံနက် ၉  နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ နေပြည်တော်၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊  ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူလူထုအခြေပြုအဖွဲ့အစည်းများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကမ္ဘာတစ်ဝန်းလုံး၌ နှစ်စဉ်ဒီဇင်ဘာလ ၁ ရက်နေ့ရောက်တိုင်း ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားများကို ပြည်သူလူထုတစ်ရပ်လုံးက   နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို  ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ လုံးဝကင်းစင် ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန် ရည်ရွယ်ချက်ထား၍ ကျင်းပကြကြောင်း။

ယခုနှစ်ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ Equalize “အေအိုင်ဒီအက်စ် ပပျောက်ဖို့၊  မညီမျှမှုများ  လျှော့ချလို့၊ အားလုံးပူးပေါင်း ဆောင်ရွက်စို့”ဖြစ်ပြီး အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ကင်းဝေးသော အနာဂတ်ကိုဖော်ဆောင်ရာတွင်  အိပ်ချ်အိုင်ဗွီကာကွယ် ကုသရေး ဝန်ဆောင်မှုများကို လူတိုင်းညီတူညီမျှ လက်လှမ်းမီရရှိအောင် ဆောင်ရွက်လျက်ရှိရာတွင် မညီမျှမှုများ ရှိပါက ဝိုင်းဝန်းအဖြေရှာ၍ လူတိုင်းလုံခြုံ စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရန် တိုက်တွန်းလိုခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၁ ခုနှစ် အကုန်၌ လူဦးရေ ၂၇၀၀၀၀ ကျော် အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသည့် အတွက် သုည ဒသမ ၆၄ ရာခိုင်နှုန်းအထိ ရောဂါပိုး တွေ့ရှိနေကြောင်း၊ ရောဂါအသစ် ကူးစက်ခံရမှုအနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ရောဂါပိုးအသစ် ကူးစက် ခံရသူ ၃၀၀၀၀ ခန့်ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၁၁၀၀၀ ခန့်အထိ ကျဆင်းလာသည်ကို တွေ့ရကြောင်း။

အိပ်ချ်အိုင်ဗွီ^အေအိုင်ဒီအက်စ်ရောဂါသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဖြစ်ပွားမှုနှုန်း  အမြင့်မားဆုံးဖြစ်သည်ကို တွေ့ရကြောင်း။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အိပ်ချ်အိုင်ဗွီ ကာကွယ်ရေး နည်းဗျူဟာသစ်ဖြစ်သည့် အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုမှ ကာကွယ်ရန် ကြိုတင်ဆေးတိုက်ကျွေးခြင်း (Pre Expo-sure Prophylaxis (PrEP) လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၀ ပြည့်နှစ်ဇူလိုင်လမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဆောင်ရွက်ခဲ့ပြီး ရလဒ်ကောင်းများရရှိသည့်အတွက် အမျိုးသားချင်း ချစ်ခင်စုံမက်သူများအကြား PrEP ဆေးတိုက်ခြင်းအား ပုံမှန်ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်း တစ်ခုအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ၂၀၂၃ ခုနှစ်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများအတွက် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့တို့တွင်  PrEP   ဆေးတိုက်ကျွေးခြင်း ရှေ့ပြေးစီမံချက်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင်  အိပ်ချ်အိုင်ဗွီ ရောဂါပိုးရှိ၊ မရှိ မိမိဘာသာ စစ်ဆေးခြင်း(Self-testing)) ရှေ့ပြေးစီမံချက်ကိုလည်း  ၂၀၂၁  ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း။

မြန်မာနိုင်ငံအတွက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်  လိုအပ်သည့်ရန်ပုံငွေကို ကျန်းမာရေး ဝန်ကြီးဌာနက အဓိကထောက်ပံ့ ပေးလျက်ရှိပြီး ကမ္ဘာ့ရန်ပုံငွေအဖွဲ့ကလည်း ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အိပ်ချ်အိုင်ဗွီ ရောဂါကုသဆေး(ART) နှင့်ဆေးပစ္စည်းများ ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁၆ သန်းအား နိုင်ငံတော်ဘဏ္ဍာငွေမှ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူလူထုအခြေပြု အဖွဲ့အစည်းများ၏ ကိုယ်စား ဦးနေလင်းက ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့၏   အရေးကြီးမှုနှင့် ပြည်သူလူထုအခြေပြု အဖွဲ့အစည်းများ၏ လိုလားမျှော်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက်  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် နှီးနွှယ် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခဲ့ပြီး အခမ်းအနား အထိမ်းအမှတ် ပြခန်းငယ်များအား  လှည့်လည်ကြည့်ရှု ကြကြောင်း သိရသည်။