ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၆ ဦးတွေ့ရှိ

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၆ ဦးတွေ့ရှိ

နေပြည်တော် ဒီဇင်ဘာ ၁

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၃၀-၁၁-၂၀၂၂ ရက်   ည ၈ နာရီမှ ၁-၁၂-၂၀၂၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၃၂၂ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၁၆ ဦးတွေ့ရှိရသဖြင့်   ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၆၇၄၂၀၉ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၃၃၂၆၁ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၁၇ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၆၀၇၇၇၇ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၈၈ ဦးရှိသည်။

ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ သည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွား၊ သေဆုံး မှုအနေဖြင့် လျော့နည်း ကျဆင်းလာလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းစဉ်မှ  နေ့စဉ်ဓာတ်ခွဲ စစ်ဆေးမှုများ၌ ရောဂါပိုးတွေ့ရှိမှု အနေဖြင့် ၁၆ ရက်ဆက်တိုက် ၁ ရာခိုင်နှုန်းအောက် သို့ ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရသည်။ 

သုတေသန တွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး  ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့်    သေဆုံးမှုတို့ကို  ပိုမိုလျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်။

သို့ဖြစ်ပါ၍  ပြည်သူလူထုအနေဖြင့်  ကိုဗစ်-၁၉ ရောဂါနှင့်အတူ ယှဉ်တွဲပြီး (Living with COVID) နေထိုင်ရာတွင် နေထိုင်မှု ပုံစံသစ် (New Normal) နည်းလမ်းအား လိုက်နာ၍ နေထိုင်ရမည်ဖြစ်သဖြင့်-

-အသက်ငါးနှစ်နှင့် အထက် ပြည်သူများအားလုံးသည် ကျန်းမာရေးဝန်ကြီး ဌာနမှ အခမဲ့ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ် ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးများနှင့် ဆက်သွယ်၍  မပျက် မကွက်ခံယူကြရန်၊

-အလုံပိတ်အခန်းများ၊ လူထူထပ်သော နေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ရှိနေစဉ် ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊

-အလုံပိတ်အခန်း၌ လူတစ်ဦးထက် ပို၍ရှိနေစဉ်  လေဝင်/လေထွက် ကောင်းမွန်စေရေးအတွက် ဖြစ်နိုင်ပါက ပြတင်းပေါက်များအား ဖွင့်ထား ရန်၊

-လက်ကို ဆပ်ပြာ၊  ရေ သို့မဟုတ် အယ်လ်ကိုဟော(အနည်းဆုံး ၆၀ ရာခိုင်နှုန်း) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့်(၂၀)ကြာ မကြာခဏဆေးကြောရန်၊

-လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊

-တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊

-ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ချောင်းဆိုး၊ နှာချေခြင်း  စသည့်တစ်ကိုယ်ရေ ကာကွယ် ရေးနည်းလမ်းများကို  ဆက်လက် လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။