နိုင်ငံတော်အတွက် နောင်တစ်ခေတ်၏ အောင်စစ်သည်

နိုင်ငံတော်အတွက် နောင်တစ်ခေတ်၏ အောင်စစ်သည်

မြန်မာနိုင်ငံရှိစစ်တက္ကသိုလ်သည် အရှေ့တောင်အာရှတွင်သာမက  ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခု ဖြစ်သည်။ စစ်တက္ကသိုလ်ကြီးကို ၁၉၅၄ ခုနှစ်  သြဂုတ် ရက်တွင်  စတင်တည်ထောင်ခဲ့ပြီး သမိုင်း အစဉ်အလာ ကြီးမားလှသည်။ ထိုစစ်တက္ကသိုလ်ကြီးမှ နိုင်ငံတော်အတွက် အဖိုးတန်သားကောင်းရတနာ များဖြစ်သော နောင်တစ်ခေတ်၏အောင်စစ်သည်များကို မွေးထုတ်ပေးလျက်ရှိရာ  ယခုအခါ  သင်တန်း အမှတ်စဉ်(၆၄)အထိရှိပြီ ဖြစ်သည်။ စစ်တက္ကသိုလ်တွင်တက်ရောက်သင်ကြားနေသော ဗိုလ်လောင်းများသည် ပြည်သူလူထုမှမွေးဖွားသော ပြည်သူ့သားကောင်းဇာနည်များဖြစ်သည်။

တပ်မတော်သည်  နိုင်ငံတော်၏အမျိုးသားရေးဦးဆောင်မှုအခန်းကဏ္ဍတွင်  ပါဝင်နေရသည့်အတွက် စစ်တက္ကသိုလ်ဆင်းလူငယ်ဗိုလ်လောင်းများကို နောင်တစ်ခေတ်၏အောင်စစ်သည်များအဖြစ် ရည်ရွယ်ဂုဏ်ပြု လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်သည်။ ထိုလူငယ်များကို စစ်တက္ကသိုလ်ကနည်းပြများသည် ဒေါင်ဒေါင်မြည် ခေါင်းဆောင်ကောင်းများဖြစ်စေဖို့ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်မှာ ယခုအခါ စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆၄)ပင် သင်တန်းပြီးမြောက်၍ ပြန်တမ်းဝင်အရာရှိများအဖြစ် ခန့်အပ်ခြင်းခံရပြီဖြစ်သည်။ ထို့အတူ စာပေပညာဆိုင်ရာအလိုက် သက်ဆိုင်ရာဘွဲ့များကိုလည်း ချီးမြှင့်အပ်နှင်းပြီဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးအတွက် မိမိတို့ကိုယ်တိုင်  စိတ်အားထက်သန်စွာဆန္ဒပြုသူများ၊ မိဘများ ကိုယ်တိုင်ကလည်း  မိမိတို့သားသမီးများကို နိုင်ငံတော်ကာကွယ်ရေးအတွက် ယုံကြည်ချက်ပြည့်ဝစွာ ခွင့်ပြု ထားသူများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျန်းမာရေးသတ်မှတ်ချက်များနှင့်ပြည့်စုံသူများကို  အဆင့်ဆင့် စိစစ်ကာ  စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းသားအဖြစ်  ရွေးချယ်တက်ရောက်ခွင့်ပြုခြင်း ဖြစ်သည်။ စစ်တက္ကသိုလ်တွင် လေးနှစ်တာ  အဆင့်မြင့်ပညာ၊ စစ်အတတ်ပညာရပ်များသင်ကြားပြီးနောက် သူတို့ကို ပြန်တမ်းဝင်အရာရှိများအဖြစ် တပ်မတော်(ကြည်း၊ ရေ၊ လေတာဝန်ကျရာတပ်ရင်း/တပ်ဖွဲ့များတွင် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုထမ်းဆောင်စေမည်ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏နယ်နိမိတ်ကိုကာကွယ်ခြင်း၊  ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်းဆိုသည့် နယ်ပယ်သာမက  နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ခြင်း၊ ပြည်သူများအပေါ်ကျရောက်သည့် သဘာဝဘေးအန္တရာယ်၊ ကူးစက်ရောဂါဘေးအန္တရာယ်၊ စားနပ်ရိက္ခာပြတ်လပ်ခြင်းဘေးအန္တရာယ်များကိုကာကွယ်ခြင်းတို့အထိ  ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်စီမံဆောင်ရွက်ခြင်းတို့ ပါဝင်သည်။ ထို့ပြင် နိုင်ငံတော်၏အရေးပေါ်အခြေအနေအရ  ပေးအပ်လာသော တာဝန်များကို ထမ်းဆောင်ခြင်းသည်လည်း သမိုင်းပေးတာဝန်အရ နိုင်ငံတော်ကို ကာကွယ်ခြင်းဖြစ်သည်။

လူ့ဘဝဖြတ်သန်းမှုတွင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းဆင်းများသည် လူငယ်ဘဝတွင်သာရှိသေးရာ ကျောင်းဆင်းအရာရှိငယ်၊ လူငယ်များဖြစ်၍  လုပ်ချင်ကိုင်ချင်စိတ်နှင့်အတူ စိတ်လိုက်မာန်ပါမလုပ်ဘဲ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှိ ရပေတော့မည်။ ကိုယ်စီအသိတရားနှင့်သတိတရားကို လက်ကိုင်ထားပြီး ခေါင်းဆောင်ကောင်း ဖြစ်အောင် လုပ်ဆောင်ကြရပေတော့မည်။   သူတို့၏ဘဝတစ်သက်တာတွင် အမိစစ်တက္ကသိုလ်၏ ကောင်းမြတ်သည့် အစဉ်အလာများကို စောင့်ထိန်းပြီး  တာဝန်ကျေပွန်သော၊ ယုံကြည်အားထားရသော အရာရှိကောင်းများအဖြစ် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရပေတော့မည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေ စည်သူမင်းအောင်လှိုင်က စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၄) သင်တန်းဆင်းပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ခေါင်းဆောင်လုပ်သူဟာ ထိုးထွင်းကြံဆလုပ်ဆောင်တတ်မှုနဲ့ တီထွင်လုပ်ကိုင် ဆောင်ရွက်တတ်မှုရှိခြင်း၊ ကွပ်ကဲမှုနှင့်ကြီးကြပ်မှုကောင်းခြင်း၊ ဗဟုသုတကြွယ်ဝပြီး လေ့လာလိုစိတ်ရှိခြင်း၊ အကျင့်စာရိတ္တကောင်းခြင်း၊ စိတ်ဓာတ်ကောင်းခြင်း၊ သစ္စာရှိခြင်း၊ စွမ်းရည်သုံးရပ်ပြည့်စုံခြင်း၊ စည်းကမ်းအရာမှာ စံနမူနာပြဖြစ်ခြင်း  စတဲ့ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ  လုပ်ဆောင်ရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

မိဘများက  လူလားမြောက်အောင်မွေးဖွားပြီး  တက္ကသိုလ်ဝင်တန်းအောင်မြင်အောင် သင်ကြားပေးသည်။

အမိစစ်တက္ကသိုလ်က အဆင့်မြင့်ပညာရပ်မျိုးစုံကိုဆက်လက်သင်ကြားပေးခဲ့သည်။ မိဘများ၏ ကျေးဇူးကြီးမားသကဲ့သို့ ဗိုလ်လောင်းသင်တန်းလေးနှစ်တာ ကာလအတွင်း  တပ်မတော်၏ ခေါင်းဆောင်ငယ်များ ဖြစ်လာစေရန် လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့်  အမိစစ်တက္ကသိုလ်၏ ကျေးဇူးမှာလည်း ကြီးမားလှပါသည်။ နိုင်ငံတော်နှင့်တပ်မတော်က နောင်တစ်ခေတ်၏ အောင်စစ်သည်များ ဖြစ်လာစေရန် ရည်မှန်းပြီး လေ့ကျင့်မွေးထုတ်ပေးခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်နှင့်ပြည်သူလူထု၏ အကျိုးစီးပွားတိုးပွားရေးကို  ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် ကျေးဇူးဆပ်ကြရမည်ဖြစ်သည်။

အနှစ်ချုပ်ဆိုရသော်  စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၄) သင်တန်းဆင်းများသည် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသောဗလငါးတန်နှင့် ပြည့်စုံအောင်သင်ကြား တတ်မြောက်သူများဖြစ်သည့်အတွက် နိုင်ငံတော်၏သားကောင်းရတနာများအဖြစ် ထင်ထင်ရှားရှားတွေ့မြင် ရတော့မည်ဖြစ်ပါကြောင်း  ရေးသားလိုက်ရပေသည်။