နောင်တစ်ခေတ်၏ အောင်စစ်သည် ပွင့်လန်းလာချေပြီ

နောင်တစ်ခေတ်၏ အောင်စစ်သည် ပွင့်လန်းလာချေပြီ

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) သင်တန်းဆင်းဗိုလ်လောင်းတပ်ရင်းသည် စစ်ချီတေးကို အားမာန်ဝင့်ဝင့်သီဆိုရင်း စစ်တက္ကသိုလ်စစ်ရေးပြကွင်း အတွင်းသို့ ဝင်ရောက်လာကြသည်။ သင်တန်းဆင်းဗိုလ်လောင်း တပ်ရင်းနောက်တွင် အရန်တပ်ရင်းများထက်ကြပ်လိုက်ပါရင်း စစ်ချီတေးများ သီကျူးကာ အားဖြည့်ပါဝင်ကြသည်။ မာန်နှင့်ဌာန်နှင့် သီဆိုသော စစ်ချီတေးသံက စစ်ရေးပြကွင်းအတွင်းမှ ပတ်ဝန်းကျင်သို့ပင်ပျံ့လွင့်သွားရာ ကြားရသူအပေါင်းကို ရဲစိတ်ရဲမာန်တက်<ကစေသည်။

စစ်ရေးပြကွင်းအတွင်းနေရာယူပြီးသော် ညာညှိပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက်သစ္စာဓိဋ္ဌာန်လေးချက်ဆိုသည်။ နိုင်ငံတော်အပေါ်၊ ပြည်သူတို့အပေါ်၊ ရဲဘော်ရဲဘက်များအပေါ်နှင့် တပ်မတော်အပေါ်တွင်ထားရှိသည့် သစ္စာဓိဋ္ဌာန်သည် သံမှိုနှက်သည့်ပမာ ထာဝရတည်ရှိမြဲမြံနေမည်ပင်

ဖြစ်သည်။

 ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။

 ငါတို့သည် ကျဆုံးလေပြီးသောတပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။ 

 ငါ့အားအထက်မှ  ပေးအပ်သော  အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါမည်။

 ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန်အဓိဋ္ဌာန်ပြုပါ၏။

  စစ်ရေးပြကွင်းအတွင်း ဟိန်းထွက်လာသော သစ္စာဓိဋ္ဌာန်ပြုချက်ကို ကြားရသူအပေါင်းတို့သည်  ကြက်သီးမွေးညင်းထကာ အလွန်ပင် နှစ်ထောင်းအားရရှိလှပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် အလေးပြုခံ စင်မြင့်ထက်သို့ ရောက်လာသောအခါ ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး  ကျောင်းဆင်းဗိုလ်လောင်း တပ်ရင်းကို စစ်ဆေးသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဗိုလ်လောင်းတပ်ရင်းများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) မှ အောင်စစ်သည်ဆု အပါအဝင်  သတ်မှတ်ဆုအသီးသီးရရှိကြသော ဗိုလ်လောင်းများကို ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်း မြွက်ကြားသည်။ မိန့်ခွန်းမြွက်ကြားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်    စစ်တက္ကသိုလ်-ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆု ရရှိကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။ ယင်းနေ့မှာပင် သက်ဆိုင်ရာခန်းမ အသီးသီး၌ ပြန်တမ်းဝင်အရာရှိ ခန့်အပ်လွှာချီးမြှင့်ပေးအပ်ခြင်း၊ အထူးပြုဘာသာရပ်ဆိုင်ရာ ဘွဲ့အသီးသီးချီးမြှင့်ခြင်းတို့ပြုသည်။ ညပိုင်းတွင် ကျောင်းဆင်း ဂုဏ်ပြုညစာစားပွဲကို ဆက်လက်ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်တက်ရောက်ချီးမြှင့်သည်။ ဤသို့ဖြင့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) သင်တန်းဆင်းဂုဏ်ပြုပွဲအခမ်းအနားပြီးဆုံးသည်။ အခမ်းအနားပြီးဆုံးခဲ့သော်လည်း ကျောင်းဆင်း အရာရှိငယ်များအတွက်မူ ပေးအပ်သည့်တာဝန်နှင့်ဝတ္တရားများကို ထမ်းဆောင်ရန် ပထမဆုံးခြေလှမ်းအစပင် ဖြစ်သည်။

အမိစစ်တက္ကသိုလ်ကြီးသည် တပ်မတော်(ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သည့်အရာရှိငယ်များကို စဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိသည်။ တပ်မတော်၏ ခေါင်းဆောင်ငယ်များသည်  လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အရာရှိကောင်းများအဖြစ် တပ်၊ ဌာနချုပ်အသီးသီးတွင် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်အောင်ဦးလည်မသုန်ထမ်းဆောင်ကြတော့မည်ဖြစ်သည်။ ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်မည့် အရာရှိဟူသည် မိမိတို့ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင်များအပေါ်မှန်ကန်သောခေါင်းဆောင်မှုပေးရန်လိုအပ်သည်။ ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင်ကောင်းများတွင် ထားရှိရမည့် အရည်အသွေးဖြစ်သည်။ ခေါင်းဆောင်ကောင်း တို့သည် မိမိကွပ်ကဲရသည့် တပ်ဖွဲ့ဝင်များအတွက် စံနမူနာကောင်းဖြစ်သလို အခြားသူများ၏ ယုံကြည်လေးစား အားထားရမှု၊ အသိအမှတ်ပြုခံရသူများပင် ဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ပြီး ကာကွယ်ရေး ဆိုသည်မှာ ချက်ချင်းဆောင်ရွက်၍မရဘဲ ကြိုတင်ပြင်ဆင် လေ့ကျင့်ခြင်းများကို မဖြစ်မနေကြိုးပမ်း ဆောင်ရွက်ရသည်။ တပ်မတော်၏ လေ့ကျင့်ရေးမူဝါဒဖြစ်သော အရေအတွက်မှ အရည်အချင်းသို့}}၊ လေ့ကျင့်ရေးဆောင်ပုဒ်ဖြစ်သော လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆောင်ပုဒ်များနှင့်အညီ တပ်မတော်ကြီးအင်အား ပြည့်ဝအောင်  လေ့ကျင့်ရေးဖြင့် တည်ဆောက်ယူရသည်။ လေ့ကျင့်သားပြည့်ဝမှသာ ကိုယ်စီအရည်အသွေးနှင့် အရည်အချင်းပြည့်ဝမည်ဖြစ်သည်။ အလားတူစွာ တပ်မတော်သားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိရန်၊ သက်ဆိုင်ရာ ကဏ္ဍအလိုက်ကျွမ်းကျင်မှုရှိရန်၊ တိုက်ရဲခိုက်ရဲစိတ်ဓာတ်နှင့် ရဲစွမ်းသတ္တိရှိရန် လိုအပ်ပြီး တစ်ဦးချင်း ကျွမ်းကျင်မှုအတွက် လေ့ကျင့်မှုများ မှန်မှန်ကန်ကန်ပြုမှ ရရှိနိုင်မည်ဖြစ်သည်။

ယနေ့ကျောင်းဆင်းအရာရှိငယ်များသည် နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူတို့အတွက် တန်ဖိုးဖြတ်၍ မရသော သားကောင်းရတနာများပင်ဖြစ်သည်။ တပ်မတော်ကြီးအင်အားတောင့်တင်းအောင် တစ်ဦးချင်းစီက အားဖြည့်လိုက်ခြင်း ဖြစ်သလို နိုင်ငံတော်ကာကွယ်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ထမ်းရွက်သူများလည်း ဖြစ်ကြသည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုသလို တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာကူညီကြရာတွင် တိုင်းချစ်ပြည်ချစ်စိတ်ကိုအခြေခံသည့် နိုင်ငံ့သားကောင်းများအဖြစ် တပ်မတော်တွင်  တာဝန်ထမ်းဆောင်ကြသည်နှင့် အညီ  အလွန်မွန်မြတ်လှသော အလုပ်ကို  လုပ်ကိုင်နိုင်သူများဖြစ်သည့်အတွက် မင်္ဂလာအပေါင်းနှင့်လည်း ပြည့်စုံညီညွတ်လှသည်။ ဆက်လက်၍လည်း နိုင်ငံတော်နှင့် တပ်မတော်အတွက် အားထားရမည့် ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားကြမည့်သူများလည်း ဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော တပ်မတော်သည် စတင်ဖွဲ့စည်းစဉ်ကပင် တိုင်းချစ်၊ ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးသားရေးကို ဦးထိပ်ထားသောလူငယ်များဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပ အဖျက်ရန်စွယ်မှန်သမျှကိုလည်း သားကောင်းပီသစွာ အသက်စွန့်၍ ရွပ်ရွပ်ချွံချွံ နှိမ်နင်းခဲ့သည်။ ခေတ်ကာလသမိုင်းတစ်လျှောက်လုံးတွင် အမျိုးသားအကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ တပ်မတော်၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သော

 ပြည်ထောင်စုမပြိုကွဲရေး၊

 တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊

 အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင် သည်။ တပ်မတော်သည် မြန်မာ့သမိုင်းနှင့်ယှဉ်တွဲလျက် သစ္စာရှိရှိ ဝတ္တရားမပျက်အမျိုးသားရေးတာဝန်များကို အောင်မြင်စွာထမ်းဆောင်လာနိုင်ခြင်းမှာ အစဉ်အလာ

(၁၂) ရပ်နှင့် ပြည့်စုံညီညွတ်၍လည်းဖြစ်သည်။

အရာရှိငယ်များသည် တပ်စုမှူးတာဝန်မှတစ်ဆင့် အဆင့်ဆင့်သော တပ်မှူးတာဝန်များကို တစ်ဆင့်ချင်းစီတာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ကြသည်။ ထို့ကြောင့် ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်ရန်လိုအပ်သည်။ အမိတက္ကသိုလ်တွင် လေးနှစ်တာ ပညာဆည်းပူးလေ့လာရင်း ခေါင်းဆောင်မှုပညာကိုပါ တစ်ပါတည်း သင်ယူလေ့လာခဲ့ကြသော်လည်း လက်တွေ့နယ်ပယ်တွင်  စာတွေ့နှင့် လက်တွေ့ပေါင်းစပ်ရင်း ထက်မြက်သော  ခေါင်းဆောင်မှုပေးနိုင်အောင် ဖြည့်ဆည်း တည်ဆောက်ရသည်။ ခေါင်းဆောင်မှုဆိုသည်မှာ မည်သည့်အလုပ်ကိုပင် လုပ်သည်ဖြစ်စေ ရည်မှန်းချက်တာဝန်ကို အောင်မြင်ပြီး မြောက်သည်အထိ အလုပ်လုပ်နိုင်သော အရည်အချင်းပင် ဖြစ်ပေသည်။

ထိုနည်းတူစွာ မိမိလက်အောက်ငယ်သားများအပေါ် မိမိ၏တာဝန်များ ကျေပွန်စွာဆောင်ရွက်ခြင်းပင် ဖြစ်ပေရာ ခေါင်းဆောင်မှုကောင်းလေ  ရည်မှန်းချက်အောင်မြင်လေပင်ဖြစ်သည်။

တပ်မတော်သားတိုင်းသည် စစ်သည်တော်ကျင့်ဝတ်အပါး (၆၀) ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာစောင့်ထိန်းကြရသည်။ အလားတူစွာ စစ်ဘက်၊ အရပ်ဘက်ဥပဒေများကို လေးစားလိုက်နာကြရသည်။ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည်တို့ အစဉ်ထက်မြက်နေအောင် တည်ဆောက်ရသည်။

တပ်မတော်သည်    ဒို့တာဝန်အရေးသုံးပါးကို ခေတ်အဆက်ဆက်ဦး ထိပ်ရွက်ပန်ဆင်ခဲ့သည်သာမက နောင်တွင်လည်း  ထာဝရထမ်းရွက် ကျင့်သုံးသွားမည်သာဖြစ်သည်။

တပ်မတော်အနေဖြင့် ဒို့တာဝန် အရေးသုံးပါးကို ထာဝစဉ်ကျင့်သုံး ဆောင်ရွက်နိုင်ရေးအတွက် စွမ်းရည်(၃)ရပ်နှင့် ပြည့်စုံထက်မြက်သော တပ်မတော်ဖြစ်ရန် လိုအပ်သည်။ စွမ်းရည်(၃)ရပ် ထက်မြက်နေရန်အတွက် အား(၁၀)ပါးကို တည်ဆောက်နေရမည်ဖြစ်သည်။ အား(၁၀)ပါးကိုတည်ဆောက်ရန် တပ်မတော်သားများ နေ့စဉ်ရွတ်ဆိုလျက်ရှိသော သစ္စာ(၄)ချက်ကို ထာဝစဉ်ဦးထိပ်ရွက်ပန်ဆင်၍ ခိုင်မာသောစိတ်ဓာတ်၊ တိကျသော စည်းကမ်းတို့ကို အခြေခံထားရမည်ဖြစ်သည်။ သို့မှသာ တပ်မတော်၏ အစဉ်အလာ(၁၂)ရပ်ကို ကောင်းစွာထိန်းသိမ်းနိုင်မည်ဖြစ်ပြီး တိုင်းပြည်နှင့်လူမျိုးအကျိုးကိုရှေးရှုလျက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို   စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆၄)မှ သင်တန်းသားတို့သည် တပ်မတော်တွင် အရာရှိငယ်အဖြစ် စတင်တာဝန် ထမ်းဆောင်ရတော့မည်ဖြစ်ပြီး အဆက်ဆက်ကပေးအပ်ခဲ့သော လက်ဆင့်ကမ်း အမွေကို လက်ခံယူရင်း တိုင်းပြည်တာဝန်များကို ကျေပွန်စွာထမ်းဆောင်တော့မည်ဖြစ်ပေရာ နိုင်ငံတော်အတွက်၊ တိုင်းပြည်နှင့်လူမျိုးအတွက်၊ တပ်မတော်အတွက် အားသစ်လောင်းသည့်     နောင်တစ်ခေတ်၏ အောင်စစ်သည် ပွင့်လန်းလာချေပြီ ဟု ဥဒါန်းကျူးရင့် ဂုဏ်ပြုရေးသားလိုက်ရပါသည်။  ။

 

လင်းအရုဏ်ဉီး(ပဲခူး)