နောင်တစ်ခေတ်၏ အောင်စစ်သည်များ၏ စကားသံများ

နောင်တစ်ခေတ်၏ အောင်စစ်သည်များ၏ စကားသံများ

စစ်တက္ကသိုလ် အမှတ်စဉ်(၆၄) ဗိုလ်လောင်းသင်တန်းကျောင်းဆင်းပွဲကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်စစ်ရေးပြကွင်းတွင် ကျင်းပရာ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် သင်တန်းနည်းပြအရာရှိကြီးများနှင့် နောင်တစ်ခေတ်၏ အောင်စစ်သည်များ၏ စကားသံများအား ဖော်ပြလိုက်ရပါတယ် -

ဗိုလ်မှူးကြီးမင်းမင်းလတ်

(နည်းပြအရာရှိချုပ်)

စစ်တက္ကသိုလ်နည်းပြအရာရှိချုပ်အနေနဲ့ လေ့ကျင့်ရေးအပိုင်းကို အဓိကတာဝန်ယူဆောင်ရွက်ရပါတယ်။  စစ်တက္ကသိုလ် ဗိုလ်လောင်းတွေကို လက်ရုံးရည်နှလုံးရည်ပြည့်ဝတဲ့ အရာရှိကောင်းတွေဖြစ်လာစေဖို့အတွက်  လေးနှစ်တာကာလပတ်လုံး အနီးကပ်ကြပ်မတ်သင်ကြား လေ့ကျင့်ပေးပါတယ်။ ဗိုလ်လောင်းတွေကို စစ်ပညာတတ်ကျွမ်းစေဖို့အတွက်    ပထမနှစ်မှ  စတုတ္ထနှစ်အထိ စစ်နည်းဗျူဟာသင်ခန်းစာတွေနဲ့  လက်နက်ကြီး၊ လက်နက်ငယ် သင်ခန်းစာတွေကို   စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ပေးပါတယ်။  ဒါ့အပြင် စိတ်ဓာတ်စည်းကမ်းကောင်းမွန်တဲ့ တပ်မတော်သားကောင်းတစ်ဦး ဖြစ်လာစေဖို့အတွက်  စစ်တက္ကသိုလ်ကိုရောက်ရှိတဲ့ အချိန်ကစတင်ပြီး ကျောင်းဆင်းတဲ့အချိန်အထိ သွားလာ နေထိုင် ပြောဆိုမှုတွေနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို   အနီးကပ် သင်ကြားလေ့ကျင့်ပေးပါတယ်။ ကိုယ်ခန္ဓာကြံ့ခိုင် သန်စွမ်း စေဖို့အတွက် နံနက်၊ ညနေကြံ့ခိုင်ရေးအချိန်တွေမှာ ကိုယ်ခန္ဓာကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေအပြင် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ရေကူး၊ လက်ဝှေ့၊   ကျွမ်းဘားနဲ့  မြန်မာ့သိုင်းလေ့ကျင့်ခန်းတွေကို ကျွမ်းကျင်တဲ့နည်းပြဆရာတွေနဲ့ စနစ်တကျ သင်ကြားလေ့ကျင့်ပေးပါတယ်။ စစ်တက္ကသိုလ်မှာ လေးနှစ်တာ သင်ကြား လေ့ကျင့်ခဲ့ပြီး   ထူးချွန်တဲ့ ဗိုလ်လောင်းတွေကို အောင်စစ်သည်ဆု၊ လေ့ကျင့်ရေးထူးချွန်ဆု၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ)၊ စာပေထူးချွန်ဆု(သိပ္ပံ)နဲ့ စာပေထူးချွန်ဆု(ကွန်ပျူတာ) စတဲ့ ဆု ငါးဆုကို ပေးအပ်ချီးမြှင့်ပါတယ်။ ကျွန်တော်တို့ စစ်တက္ကသိုလ်မှာ စာပေပညာနဲ့ စစ်ပညာတွေကို လေ့ကျင့် သင်ကြားပေးလျက် ရှိပါတယ်။ စစ်ပညာအပိုင်းမှာ စစ်နည်းဗျူဟာဘာသာရပ်တွေ၊ ခေါင်းဆောင်မှုဘာသာရပ်၊ ကျောင်းဆင်းကွပ်ကဲမှုစာတမ်း၊ လက်နက်ကြီး၊ လက်နက်ငယ် ဘာသာရပ်တွေကို စာတွေ့လက်တွေ့   ကြိုးစားအားထုတ်ဆောင်ရွက်ခဲ့တဲ့ ဗိုလ်လောင်းတစ်ဦးချင်းစီရဲ့ ရမှတ်တွေရှိပါတယ်။ ဒါ့အပြင် ပထမနှစ်ကနေ စတုတ္ထနှစ်အထိ စိတ်ဓာတ်စည်းကမ်းပိုင်းဆိုင်ရာ ရမှတ်တွေနဲ့ ဗိုလ်လောင်းအချင်းချင်း အကဲဖြတ်တဲ့ အမှတ်တွေကို    နှစ်စဉ်ပြုစုထားရှိပြီး လေးနှစ်လုံးမှာ အမှတ်အများဆုံး ရရှိတဲ့ ဗိုလ်လောင်းကို   လေ့ကျင့်ရေးထူးချွန်ဆု ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။ ဒီနေ့မှာ ကျောင်းဆင်း သွားပြီး နိုင်ငံတော်နဲ့ တပ်မတော်အတွက်   အားသစ်လောင်းမယ့် အရာရှိတွေကို   မွေးထုတ်ပေး နိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ နေရာဒေသအသီးသီးမှာ ထမ်းဆောင်ကြမယ့် အရာရှိငယ်တွေ အနေနဲ့ အမိစစ်တက္ကသိုလ်က လေးနှစ်တာ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ ပညာရပ်တွေကို မမေ့မလျော့ဘဲ လက်တွေ့နယ်ပယ်မှာ အကျိုးရှိရှိ မှန်ကန်စွာ အသုံးချကြပါ။ အထက်ကပေးအပ်တဲ့ အမိန့်နဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပြီး နိုင်ငံတော်ရဲ့ ဂုဏ်၊ တပ်မတော်ရဲ့ဂုဏ်၊ အမိစစ်တက္ကသိုလ်ရဲ့ ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားကြပါလို့ မှာကြားလိုပါတယ်။

ဗိုလ်လောင်းမျိုးမင်းအောင်

စာပေထူးချွန်ဆု(သိပ္ပံ)

အခုသင်တန်းကို တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သွားတဲ့ အချိန်ကစပြီး စစ်ကိုင်းတိုင်းဒေသကြီးကနေ   လာရောက်ပြီး တက်ရောက်ခဲ့ရတာပါ။ သင်တန်းမှာလည်း စာပေထူးချွန်ဆုရရှိခဲ့ပါတယ်။ အခုဆိုရင် လေးနှစ်တာကာလတက်ရောက်ခဲ့ပြီး နိုင်ငံ တော်မှလည်း   ထိုက်တန်တဲ့ရာထူးတွေ ပေးအပ်ခဲ့ပါတယ်။ ဒီအတွက်လည်း နိုင်ငံနဲ့လူမျိုးအတွက်  ကျွန်တော့်အသက်ခန္ဓာ တည်မြဲနေသရွေ့ ပေးအပ်လာတဲ့ တာဝန်တွေကို အသက်နဲ့ရင်းပြီး ကျေပွန်စွာ ထမ်းဆောင်သွားမှာပါ။ ယနေ့ခေတ်လူငယ် တွေအနေနဲ့လည်း လမ်းမှားကို မရောက်စေချင်ပါဘူး။ အတွေးမမှားစေချင်တာပါ။ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်တယ်ဆိုပေမယ့် ဘဝကပြီးဆုံးအောင်မြင်တာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ လမ်းကိုရွေးပြီးလျှောက်စေချင်တယ်။

ဗိုလ်လောင်းဇွဲညီမင်းပိုင်

စာပေထူးချွန်ဆု(ဝိဇ္ဇာ)

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်မှာနေပါတယ်။   အခုလိုစစ်တက္ကသိုလ်တက်ရောက်ဖြစ်ခဲ့တာကတော့ ယ်စဉ်ကတည်းက ကျောင်းတွေမှာ တပ်မတော်သားတွေက နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အသက်ကို ပေးအပ်ကာ လွတ်လပ်ရေးကို ရယူပေးခဲ့တာတွေကို ဆရာ၊ ဆရာမတွေက သင်ကြားပေးခဲ့တဲ့ အချိန်ကစပြီး တစ်ချိန်မှာ နိုင်ငံတော်အပေါ်  တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့  စစ်သားကောင်းတစ်ဦးလုပ်မယ်ဆိုပြီး  ရည်ရွယ်ထားခဲ့တာပါ။

တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သွားတော့   ရည်မှန်းချက်ပြည့်စုံသွားတယ်လို့ ပြောရမှာပါ။ ဘဝမှာအဖြစ်သင့်ဆုံးနဲ့ အဖြစ်ချင်ဆုံးအလုပ်ကို   လုပ်ခဲ့တာပါ။ စစ်တက္ကသိုလ်ဆိုတာက   လက်ရုံးရည်၊နှလုံးရည်ပြည့်ဝတဲ့  အရာရှိကောင်းတွေဖြစ်လာ စေဖို့အတွက် မွေးထုတ်ပေးနေတဲ့ ကျောင်းတော်ကြီးပါ။ ဒီအတွက်လည်း လေးနှစ်တာကာလ တက်ရောက် အောင်မြင်ခဲ့တာ ဖြစ်တဲ့အတွက် သင်ကြားပေးလိုက်တဲ့ ပညာတွေနဲ့ နိုင်ငံနှင့်လူမျိုးအတွက် အရာရှိကောင်း တစ်ဦးပီသစွာ   စွမ်းဆောင်နိုင်သမျှ   အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ အကောင်းဆုံး ဖြစ်အောင် ထမ်းဆောင်သွားမှာပါ။

ဗိုလ်လောင်းနေလင်းစိုး  

လေ့ကျင့်ရေးထူးချွန်ဆု

စစ်ကိုင်းတိုင်း ဒေသကြီးကနေ အမှတ်စဉ်(၆၄)ဗိုလ်လောင်း သင်တန်းတက်ရောက်ခဲ့တာပါ။ ကလေးဘဝကပြောရမှာပေါ့။အခုလို ဗိုလ်လောင်းကျောင်းဆင်းပွဲတွေကို သတင်းစာမှာ၊ TV တွေမှာ ဗိုလ်လောင်းတွေရဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ တစ်နေ့မှာ ူတို့လိုဖြစ်ရမယ်လို့ယုံကြည်ချက်ရှိခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့ အချိန်ကစပြီး  လေ့လာတာတွေကြောင့် ပိုပြီးသိလာခဲ့ရပါတယ်။  စစ်တက္ကသိုလ် အကြောင်းတွေ၊   တပ်မတော်ရဲ့ အကြောင်းတွေ ပိုပြီးသိလာရတဲ့အချိန်မှာ ဝင်ချင်စိတ်က  တိုးပွားလာစေခဲ့ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီဆိုတာနဲ့ စစ်တက္ကသိုလ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တက်ရောက် ဖြစ်ခဲ့တာပါ။ စစ်တက္ကသိုလ်ကျောင်းတော်ကြီးကဆင်းတဲ့ အရာရှိဆိုတာက စာပေပညာနဲ့ စစ်ပညာကို စာတွေ့လက်တွေ့ ပေါင်းစပ်ပြီး ကျရာနယ်ပယ် အသီးသီးမှာ ထမ်းဆောင်လျက်ရှိပါတယ်။ 

ကျွန်တော့်အနေနဲ့ကလည်း အမိစစ်တက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ စာပေပညာ  နဲ့စစ်ပညာကို စာတွေ့လက်တွေ့ ပေါင်းစပ်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက်ဆိုရင် ရောက်ရာဒေသမှာ    အတတ်နိုင်ဆုံး ကျေပွန်စွာ ထမ်းဆောင်သွားမှာပါ။

ဗိုလ်လောင်းထွန်းလင်းကျော်

အောင်စစ်သည်ဆု

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ တက်ရောက်ခဲ့တာပါ။ သင်တန်းမှာလည်း အကောင်းဆုံးကြိုးစားခဲ့လို့ အောင်စစ်သည်ဆု ရရှိခဲ့ပါတယ်။   ကျောင်းတော်ကြီးကို စတင်တက်ရောက်စဉ်က အရပ်သားတစ်ပိုင်း ဖြစ်တဲ့အတွက်   လိုအပ်ချက်တွေရှိခဲ့ပါတယ်။ စိတ်ဓာတ်စည်းကမ်းပိုင်းဆိုင်ရာတွေ၊   လက်နက်ကြီး၊ လက်နက်ငယ်သင်ခန်းစာတွေ၊ လက်ရုံးရည်နှလုံးရည်ပြည့်ဝတဲ့ အရာရှိကောင်းတွေဖြစ်လာစေရန်   စစ်နည်းဗျူဟာ သင်ခန်းစာတွေကို စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ပေးပါတယ်။ အကောင်းဆုံး ဖြစ်အောင်  ဆရာသမားတွေရဲ့ သင်ကြားပို့ချပေးမှုတွေကို သေချာလိုက်နာပြီး ကြိုးစားခဲ့တဲ့အတွက် ရရှိခဲ့ပါတယ်။ စစ်တက္ကသိုလ်ကနေ သင်ကြားပေးလိုက်တဲ့ အတတ်ပညာတွေနဲ့ လက်တွေ့နယ်ပယ်မှာပေါင်းစပ်ပြီး     နိုင်ငံတော်နဲ့ တပ်မတော်ကြီးအတွက် တာဝန်ကျေပွန်တဲ့အရာရှိကောင်း တစ်ဦးဖြစ်အောင် ကြိုးစားသွားမှာပါ။

ဗိုလ်လောင်းသူရိန်စိုး

စာပေထူးချွန်ဆု(ကွန်ပျူတာ)

သင်တန်းမှာ စာပေထူးချွန်ဆု(ကွန်ပျူတာ) ရရှိခဲ့ပါတယ်။ တောင်ငူမြို့ကနေပြီး တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ပြီး စစ်တက္ကသိုလ်အမှတ်စဉ် (၆၄)ဗိုလ်လောင်းသင်တန်းကို တိုင်းပြည်နဲ့လူမျိုးအတွက် အားကိုးအားထားပြုနိုင်မယ့် စစ်သည်တော်ကောင်းတစ်ဦးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တက်ရောက်ခဲ့တာပါ။   စစ်တက္ကသိုလ်ဆိုတာက ယနေ့ခေတ်လူငယ်တွေအနေနဲ့ တက်ရောက်သင့်တဲ့   ကျောင်းတော်ကြီးတစ်ခုပါ။    ဒီကိုမတက်ရောက်ခင်က အရပ်သားတစ်ဦးရဲ့ စိတ်နေစိတ်ထားနဲ့ သင်တန်းတက်ရောက်ပြီးချိန်  စိတ်နေစိတ်ထားတွေက   အရမ်းကွာခြားသွားပါတယ်။  စိတ်ဓာတ်ခိုင်မာလာပြီး ဆုံးဖြတ်ချက်၊ ခံယူချက်တွေက ပိုမိုမြင့်မားလာပါတယ်။   ဒါကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်တဲ့ လူငယ်လေးတွေအနေနဲ့လည်း တက်ရောက်သင့်တဲ့ ကျောင်းတော်ကြီးတစ်ခု ဖြစ်တဲ့အတွက် ဘဝမှာလမ်းမှားမရောက်အောင် အချိန်တွေမကုန်ဆုံးခင် အချိန်အခါမီ တက်ရောက်သင့်ကြောင်း ဖိတ်ခေါ်ပါတယ်။   ။

ကျော်လွင်၊ သက်နိုင်ဝင်း