တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော်၊ ဒီဇင်ဘာ - ၃       

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၂၇၅ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၅၃၂၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၇)ခု တို့၌ ကျောင်းသား၊ ကျောင်းသူ ၄၀၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန် အတွက် Mask များကို ပြည်သူများ လက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၄၄)မြို့နယ်တို့မှ စာသင်ကျောင်းများ၊ ဈေးများ၊ လမ်းများ၊ မြို့အဝင်ဂိတ်များနှင့် လူစည်ကားရာနေရာများတွင် နယ်မြေခံ တပ်မတော်သားများက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတ အဖွဲ့များနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်း၊ Mask များတပ်ဆင်ပြီး သွားလာကြရန်လှုံ့ဆော်ခြင်းနှင့် Mask များအား ဒေသခံပြည်သူများ လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။