အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကော့သောင်း၊ အားကစား

အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကော့သောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ကော့သောင်းမြို့ ခရိုင်အားကစားခန်းမ၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး အောင်ချိုက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အသင်းများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြပြီး စစ်ကြောင်းပုံဖြင့် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်၍ အမျိုးသား ဘော်လီဘောပြိုင်ပွဲအဖြစ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(အလက-၁)အသင်းနှင့် အမှတ်(၃)  အခြေခံပညာ အထက်တန်းကျောင်း အသင်းကလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲအဖြစ် အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းနှင့်အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်း အသင်းတို့ကလည်းကောင်း ယှဉ်ပြိုင်ကစားကြရာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။

၎င်းပြိုင်ပွဲတွင် ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အမျိုးသား ဘော်လီဘောအသင်း ရှစ်သင်းနှင့် အမျိုးသမီး ဘော်လီဘောအသင်း ခုနစ်သင်းတို့ က အုပ်စုခွဲကာ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)