လက်တွေ့အသုံးချဆေးနည်းတို (ဆေးမြီးတို)များ (၁၇၀)

လက်တွေ့အသုံးချဆေးနည်းတို (ဆေးမြီးတို)များ (၁၇၀)

မေး။     ။ သမီးက ညနေဆို မြေအိုးလေးနဲ့မန်ကျီးထန်းလျက် ဆားလှော်လေးစိမ်ပြီး အပေါ်အရည်လေးကို တစ်နေ့မတ်ခွက် နှစ်ခွက်လောက် သောက်ဖြစ်ပါတယ်ရှင့်။ သောက်ပြီးရင် ဝမ်းလည်းနှစ်ခါလောက် သွားပါတယ်။ နေ့တိုင်းသောက်ဖြစ်နေလို့ အစာအိမ်တွေ အူတွေများ ဆိုးကျိုးဖြစ်နိုင်ပါလားဆရာ။ နေ့တိုင်းသောက်လို့ သင့်မသင့် သမီးကိုညွှန်ပြပေးပါရှင့်။ ကျေးဇူးအများကြီး တင်ပါတယ်ဆရာကြီးရှင့်။

ဖြေ။      ။ သောက်ပါ။ မန်ကျည်းဖျော်ရည်က ဝမ်းပျော့စေပြီး အပူအပုပ်လည်းကင်းစင်စေပါတယ်။ ဝမ်းအပူငြိမ်းစေပြီး အူမကြီးကို လည်း သန့်စင်စေပါတယ်။ ဝမ်းလွယ်တဲ့အတွက် နေ့စဉ်သောက်သုံးမယ် ဆိုရင်တော့ အခြားဝမ်းလွယ်တဲ့ အစားအစာ စားတဲ့နေ့ ဆိုရင်တော့ သတိထားသောက်ဖို့ လိုပါတယ်။ ဥပမာ ချဉ်ပေါင်ဟင်း၊ ပဲကြီးဟင်းစသည်များစားရင် မသောက်ပါနဲ့။ ညနေ၊ ညကလွဲလို့ မနက်၊ နေ့လယ် အစာနဲ့ နီးတဲ့အချိန်မှာ မန်ကျည်းဖျော်ရည် မသောက်ရပါ။

မေး။     ။ သမီးအမေက ညာခြေထောက်ကျဉ်ပြီး တစ်ခါတလေ ကိုက်လို့ပါ။ ညဆိုသန်းခေါင်ကျော် လောက်ကျရင် ကိုက်လို့  ညည်းနေတတ်တယ်။ အရင်တည်းက  အထိုင်အထ  နာနေတတ်တယ် နောက်တော့ လယ်ကန်သင်းမှာ ကျင်းသေးလေးထဲ နင်းမိပြီး ခြေထောက်ရောင်ပြီး ကုသထားပါတယ်။ လွန်ခဲ့တဲ့ သုံးလလောက်က ဆင်တုပ်ကွေးမိပြီး အခုထိခြေထောက်က အဲဒီလိုဖြစ်တာ ကျန်နေပါတယ်။ အရိုးအကြော အထူးကုနဲ့ ငါးပတ်လောက်ပြပြီး ဆေးလိမ်းဆေးသောက် လုပ်ပါတယ်။ လွန်ခဲ့သောလပိုင်း အစလောက်က သမီးပြန်ရောက်တော့ စားသမျှအန်ပြီး မောနေလို့ မြင်းခြံဆေးရုံသွားပြတော့ အကိုက်အခဲ ပျောက်ဆေးတွေ ကြောင့်ပါတဲ့။ အစားစားတာလည်းနည်းလို့တဲ့ အရိုးအကြောကပေးတဲ့ ဆေးတွေပါ။ ဆရာအဲဒါလေ သမီးဘာလုပ်ပေးရင်ရမလဲ မေးချင်တာပါဆရာ ကျေးဇူးပြု၍ အချိန်ရရင် တစ်ချက်လေးဖြေပေးပါရှင့်။

ဖြေ။      ။ အကိုက်အခဲပျောက်ဆေးက အစာအိမ်ကိုလောင်လို့ နောက်ဆက်တွဲတွေ ခံစားနေရတာပါ။အစာအိမ်မကောင်းတော့ အာဟာရ မကြေချက်နိုင်တော့ဘဲ  အရိုးကြောပါ  အားနည်းလာတာပါ။ ရှောက်ရည်နဲ့  ပျားရည်  ရောစပ်တိုက်ပေးပါ။ အစာအိမ် သက်စောင့်အချွဲအမြှေးများ ပြန်ဖြစ်လာအောင် ဖီးကြမ်းငှက်ပျောသီး များများစားပေးပါ။ ဖီးကြမ်းငှက်ပျောသီး အခွံမှာကပ်နေတဲ့ အမျှင်ကလေးများဟာ အစာအိမ်ကအနာကို ကျက်စေပါတယ်။ အစာအိမ်ရဲ့ အချွဲအမြှေးကိုလည်း ပြန်ဖြစ်စေနိုင်ပါတယ်။  အချို့က တော့ ပူပူနွေးနွေးစားချင်လို့ ဖီးကြမ်းငှက်ပျောသီးကို အပြင်ခွံလေး ညိုသွားအောင် မီးဖုတ်စားရင် ပိုစားကောင်းတယ်လို့ ပြောပါတယ်။ အစာအိမ်အတွက် ညစာမစားဘဲ အစာပျော့ပျော့ စားပေးပါ။ ညအိပ်ခါနီး နွားနို့ပူပူတစ်ခွက်မှာ နနွင်းမှုန့်ဇွန်းသေးတစ်ဇွန်းထည့်    ဖျော်သောက်ပေးပါ။ ခြေထောက်ကိုက် သက်သာအောင် မုန်ညင်းဆီလိမ်းပြီး ကြပ်ထုပ်ထိုးပေးပါ။ အရိုးအဆစ်အတွက် မိဿလင် ကြပ်ထုပ်က အကောင်းဆုံးပါ။

မေး။     ။ ဆရာရှင့် ကျွန်မအသက်က ၅၁ နှစ်ပါ။ ဒလမြို့မှာနေပါတယ်။ လူကဝပါတယ်ဆရာ။ ဝမ်းက ချုပ်တတ်ပါတယ်။   ဆီးလည်းကောင်းပါတယ်။ သားအိမ်ထုတ်တားတာ  ခုနစ်နှစ်လောက်ရှိပါပြီ။ ဒါကြောင့် သွေးဆုံးမဆုံး မသိပါ။ ဒီအသက်လောက်ဆို ရောဂါဝေဒနာတစ်ခုခုဖြစ်ရင် လူကြီးများက သွေးဆုံးကိုင်တာလို့ပြောကြပါတယ်။ ဆေးစားဖို့လိုသလားဆရာ။  ဘာကြောင့်လဲတော့ မသိဘူး။ ရောဂါကြီးကြီးမားမားမဖြစ်ပေမယ့် လူကမကျန်းမာသလို ခံစားနေရပါတယ်။ အအေးဒဏ်မခံနိုင်ဘူးဆရာ။ နည်းနည်းလေး  အေးတာနဲ့ မနေနိုင်တော့ဘူး။ ဝမ်းကတော့ တစ်ခါတစ်ရံချုပ်ပါတယ်။ ဝမ်းချုပ်ရင် အသီးအနှံများများ စားပေးပါတယ်။ လက်ရှိ သောက်နေတဲ့ ဆေးမရှိပါ။  အားဆေးဆိုတာတွေလည်း မသောက်ပါဘူး။ ကျွန်မတို့ အသက်အရွယ်အတွက် ဘာဆေးသောက်ရင် ကောင်းမလည်း ပြောပြပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

ဖြေ။      ။ အမျိုးသမီးများ သွေးဆုံးချိန်ကို အသက် ၄၆ မှ ၅၀ အတွင်းလို့ အကြမ်းဖျင်းအားဖြင့် သတ်မှတ် ထားပါတယ်။ ဒါပေမဲ့ ခုခေတ်မှာ အစားအသောက်နဲ့ရာသီဥတု ပြောင်းလဲမှုတွေကြောင့် အမျိုးသမီးများ သွေးဆုံးတာလည်း  ၅၀  ကျော်မှ  ဆုံးတာကို များသောအားဖြင့် တွေ့ရှိရပါတယ်။ အထူးသဖြင့် ဓာတုဆိုးဆေးပါတဲ့ အစားအသောက်တွေကြောင့် သားအိမ်အလုံးအဖုဖြစ်တာ၊  ရေအိတ်ဖြစ်တာတွေ များလာပြီး ကင်ဆာရောဂါအဆင့် ရောက်သွားမှာကြောက်လို့ သားအိမ်ထုတ်သူတွေ များလာပါတယ်။ စောစော သားအိမ်ထုတ်လိုက်တဲ့အခါ ကင်ဆာရောဂါကို ကာကွယ်နိုင်ပေမယ့် သွေးဆုံးချိန်ကို မသိကြတော့ပါဘူး။ ခန္ဓာကိုယ်အတွင်း ဓာတ်ကြီးလေးပါး စေ့ဆော်မှုကြောင့် သွေးဆုံးတဲ့ အသက်ရောက်လာရင် သွေးဆုံး လက္ခဏာများ  ပြလေ့ရှိပါတယ်။  သွေးဆုံးချိန်မှာ များသောအားဖြင့်  အဆစ်အမျက်တွေ ကိုက်ခဲတာ၊ အကြောအခြင်တွေ  တောင့်တင်းတာ၊ အရိုးပွပြီး ကျီးပေါင်းတက်တဲ့ရောဂါတွေ ဖြစ်လာတတ်ပါတယ်။ အသက်ကြီးပိုင်းအဝင်လို့လည်း ပြောလို့ရပါတယ်။ အထူးသဖြင့် စိတ်မတည်ငြိမ်ဘဲ စိုးရိမ်သောကများ လာတတ်ပါတယ်။ နဂိုက မကြောက်တတ်တဲ့သူက ကြောက်တတ်လာပါတယ်။ ထိတ်လန့်တတ်လာပါ တယ်။ ညဦးပိုင်းမှာ သွေးလေးပြီး စောစောအိပ်ချင်ပြီး ညဉ့်နက်ပိုင်းမှာ နိုးပြီးပြန်အိပ်မပျော်ဖြစ်တတ်ပါ တယ်။ အစာမကြေဘဲ လေပွလာတတ်ပါတယ်။ အချို့မှာ လေကြောင့်လူမဝဘဲ ဗိုက်က စူထွက်လာ တတ်ပါတယ်။ ဒါကြောင့်တချို့က သွေးဆုံးချိန်မှာ အပျိုလေးများလို ဝမ်းဗိုက်ချပ်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါတယ်။ အိမ်မှာမလုပ်နိုင်ရင် ဂျင်သွားဆော့ဖို့ တိုက်တွန်းကြပါတယ်။ ဘယ်အရွယ်မဆို အတော်အသင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးလိုက်စားခြင်းဟာ မမှားပါဘူး။ သွေးဆုံးချိန်မှာ လေ့ကျင့်ခန်းတစ်ခုခု လုပ်ပေး သင့်ပါတယ်။ သွေးဆုံးအတွက် တိုင်းရင်းဆေးမှာ ရှားစောင်းလက်ပပ်ချက်ဆေး၊ လေပူကျဆေး၊ အဆီကျအသားကျစ်ဆေးများ ဆရာများက ပေးလေ့ရှိပါတယ်။ ကုထုံးကျွမ်းကျင်တဲ့ ဆရာများကို ပြသပြီးမှ ဆေးကိုစားပါ။ ရှောက်ရည်နဲ့ပျားရည် သုံးအချိုး တစ်ရောစပ်သောက်ပါ။ သွေးဆုံးမှာ အအေးဒဏ်မခံနိုင်ရင် အအေးကြောက်ရင် နံနက် ၁၁ နာရီကျော်မှ ရေချိုးပါ။ ရေမချိုးမီ လေ့ကျင့်ခန်း လုပ်ခြင်း၊ နေရောင်ခြည် ခံခြင်းများပြုလုပ်ပြီးမှ ချိုးပါ။ ချင်းတက်ကို ပါးပါးလှီး ရေနွေးစိမ်ထားပြီး ရေချိုးပြီးချိန်တွင် ကော်ဖီ တစ်ခွက် စာခန့်သောက်ပါ။ ထမင်းစားတဲ့အခါ ထမင်းအေးဟင်းအေးမစားပါနဲ့။ ပူပူနွေးနွေးစားသောက်ခြင်းဟာ သွေးဆုံးပြီး  ဝမ်းမီးအားနည်းလာသူများအတွက် ကောင်းမွန်သောနည်းလမ်းဖြစ်ပါတယ်။

မေး။     ။ ဆရာခင်ဗျာ ဖနောင့်မှာ သံစူးတာ နှစ်ရက်ရှိပါပြီ။  ခုံဖိနပ်နဲ့ ဆားရိုက်သိပ်ရမယ်ဆိုလို့ သိပ်ထားပါတယ်။ ပြည်တည်သလို ကိုက်နေလို့ပါ။ ဘယ်လိုပြုလုပ်ရမယ်ဆိုတာ ဆေးနည်းသိလိုပါတယ်။

ဖြေ။      ။ သံစူးလျှင် အနာမရင်းစေရန်၊ မေးခိုင်ပိုးမဝင်စေရန် ကာကွယ်ဆေးထိုးရပါမယ်။ ဆေးရုံဆေးခန်းနဲ့ ဝေးတဲ့နေရာတွင် ဖြစ်ပါက အောက်ပါနည်းလမ်းများကို အသုံးပြုပါ။

-           သံစူးရင်  သံပရာသီးစိမ်းဖြင့်  ချက်ချင်းပွတ်ပါ။

-           ကြက်သွန်နီဥကိုထောင်း အနာဝတွင် အုံးစည်းထားပါ။

-           ကုက္ကိုရွက်၊ ပိစပ်ရွက်ပြုတ်ရည်များဖြင့် အနာဖန်ဆေးပါ။ သံပရာရည်နဲ့ ပျားရည်ကို ရောစပ်၍ သံစူးရာ အတွင်းသို့ ဝင်နိုင်သမျှ ဝင်အောင်ထည့်ပါ။

မေး။     ။ ဆရာကြီးရှင့် မရိုမသေတစ်ခုလောက်မေးခွင့်ပြုပါရှင့်။ သမီးက အသက် ၃၀ ပါ။ ကိုယ်ဝန်က ခြောက်လထဲမှာပါ။ ဝမ်းအရမ်းချုပ်လို့ပါ။ တော်ရုံဆေးနဲ့ ဝမ်းမသွားပါ။ အသိတစ်ယောက်ကပေးတဲ့ ဝမ်းသွားဆေး တစ်ခုရပါတယ်။ ဆေးထဲမှာဖတ်ကြည့် တော့ “ရင်းပြား” ဆိုတဲ့ ဆေးတစ်မျိုးပါဝင်တာတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ သင့်မသင့်၊ သောက်လို့ဖြစ်မဖြစ် သိလိုပါတယ်ရှင့်။ ဝမ်းမချုပ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာလည်း ညွှန်ကြားပေးပါရှင့်။

ဖြေ။      ။ ရှေးတိုင်းရင်းဆေးဆရာကြီးတွေ အဆိုအရ “ရင်းပြားတစ်ပဲ၊ ထင်းတစ်လှည်း” လို့ အဆိုရှိပါတယ်။ ရင်းပြားတစ်ပဲသား သောက်ရင် ထင်းတစ်လှည်းစာ မီးလှုံတာနဲ့ အတူတူပဲလို့ ဆိုတာပါ။ ရှေးက ကလေးမီးဖွားပြီးရင် မီးဖိုနားမှာနေပြီး မီးနေသည်အဖြစ် ရက်တစ်ပတ်ကြာအောင် နေရပါတယ်။ တကယ်လို့ မီးနေသည်အဖြစ် နွေရာသီမှာပူလို့ မီးမလှုံချင်ရင် ရင်းပြားဆေးတစ်ပဲသား  ဆရာကပေးတိုက် လေ့ရှိတယ်လို့ဆိုတာပါ။ ရင်းပြားက အရမ်းပူတယ်။ ကိုယ်ဝန်နုရင်မတည့်ပါ။ တိုင်းရင်းဆေးမှာ ရင်းပြားတို့၊ ကနခိုတို့၊ မင်းကိုကာတို့ ဆိုတာဟာ ဆေးပူတွေပါ။ ဝမ်းသွားတဲ့ဆေးထဲထည့်ရင် ဝမ်းအလွန်လျှောပါတယ်။ ကိုယ်ဝန်ဆောင်များ ဝမ်းမချုပ်အောင် နေ့စဉ် လမ်းများများလျှောက်ပေးရပါတယ်။ ဝမ်းချုပ်တဲ့အခါလည်း အူကိုမထိခိုက်တဲ့ဆေးစားပါ။ သင်္ဘောသီး၊  ငှက်ပျောသီးမှည့်များစားပေးပါ။ တော်ရုံဝမ်းသွားတဲ့ မန်ကျည်းမှည့် ဖျော်ရည်သောက်ပါ။ ဝမ်းအလွန်ချုပ်ရင်တောင် အူမကြီးကို မထိခိုက်တဲ့ ဆားခါးသောက်ပေးပါ။ ပရဆေးဆိုင်များမှာ မေးဝယ်ပါ။ အင်္ဂလိပ်ဆေးဆိုင်တွေမှာလည်း ဆားခါးကို (apson salt) ဆိုပြီး အထုပ်ကလေးတွေ ရောင်းတတ်ပါတယ်။ ဆားခါးကို ဟင်းစားဇွန်း နှစ်ဇွန်း သောက်ပေးရင် ဝမ်းပျော့ပျော့ သွားပါတယ်။ မန်ကျည်းဖျော်ရည်မှာ ဆားခါး ရောစပ်ပြီး သောက်ရင်လည်း ရပါတယ်။ ဆားခါးက လူကို ဥပဒ်မပေးပါ။ အူကိုသန့်ရှင်း စေပါတယ်။ သွေးတိုးရှိသူတွေလည်း သောက်သုံးနိုင်ပါ တယ်။

မေး။     ။ ဆရာကြီးရှင့် သမီးတို့အိမ်မှာ မုန်လာချဉ်ဖတ်ကို အသုပ်သုပ်စားပြီး ကလေးတွေ ဝမ်းသွားပြီး အန်နေပါတယ်။ ဆေးခန်း သွားရမှာလည်း ဝေးလို့ ဘာဆေးများ သောက်ရမလဲပြောပေးပါရှင့်။

ဖြေ။      ။ အစာအိမ်အချဉ်ပေါက်ပြီး အထက်လှန်အောက်လျှော ဖြစ်တတ်ပါတယ်။ ရေအေးမသောက်နဲ့ ရေနွေးပြောင်းသောက်ပါ။ ဓာတ်ဆားရည်လည်းသောက်နိုင်ပါတယ်။ ဆေးမရခင်စပ်ကြားမှာ ရေနွေးဆူဆူ မတ်ခွက်တစ်လုံးမှာ  လက်ဖက်ခြောက်ဟင်းစားဇွန်း သုံးဇွန်းထည့်ပါ။ ချင်းတက်ကိုပါးပါးလှီးပြီး ခုနစ်လွှာထည့်ပါ။ ဆားလှော် ဇွန်းငယ်တစ်ဇွန်းထည့်ပါ။ လုံအောင်အုပ်ထားပြီးနောက် အအေးခံပြီးတိုက်ပါ။ ကလေးများအန်လျှင် သကြားစားပေးရင် အအန်သက်သာပါတယ်။   ။

 

 

ကြည်လွင်မြင့်(မုဒြာ)