စိုက်ပျိုးရေးဦးစီးဌာနက အဆင့်မြင့်လယ်ယာဖော်ဆောင်ပေးမှုဖြင့် လယ်ဝေးမြို့၌ တစ်ဧက စပါးတင်း ၁၃၀ ကျော်ထွက်ရှိသည့် တောင်သူများ၏ စကားသံများ

စိုက်ပျိုးရေးဦးစီးဌာနက အဆင့်မြင့်လယ်ယာဖော်ဆောင်ပေးမှုဖြင့် လယ်ဝေးမြို့၌ တစ်ဧက စပါးတင်း ၁၃၀ ကျော်ထွက်ရှိသည့် တောင်သူများ၏ စကားသံများ

၂၀၂၂-၂၀၂၃ ခုနှစ် လယ်ဝေးမြို့နယ် မိုးစပါးဧက ၁၀၀၊ တင်း ၁၀၀ ထွက်ရှိရေး စံပြစိုက်ခင်း၊ စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ဒီဇင်ဘာ၂ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ ခရမ်းကိုင်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၈၂၃)တွင် ကျင်းပခဲ့သည်။ ယခင်က စပါးစိုက်ပျိုးရာတွင် တစ်ဧကတင်း ၆၀ ကျော်ထွက်ရှိရန်အတွက် တောင်သူများအခက်အခဲများရှိခဲ့ပြီး ယခုအခါ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ အဆင့်မြင့်လယ်ယာကိုဖော်ဆောင်ပေးခဲ့ရာ တစ်ဧက စပါးတင်း ၁၃၀ ကျော်ထွက်ရှိအောင်မြင်ခဲ့သည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများ၏ ဝမ်းသာပီတိ စကားသံများကို ဖော်ပြပေးလိုက်ပါသည်-

ဦးစောဝင်း(ဦးစီးမှူး၊ လယ်ဝေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန)

ကျွန်တော်တို့နေပြည်တော်လေဆိပ်သွား လမ်းမကြီးဘေးမှာ အဆင့်မြင့်လယ်ယာ မြေဧက ၂၀၀ ဖော်ထုတ်နေတာရှိပါတယ်။အခုနှစ် မိုးစပါးအတွက် ဧက ၁၀၀ ကို စိုက်ပျိုးတဲ့နေရာမှာ တစ်ဧကကို တင်း ၁၀၀ နှုန်းပျမ်းမျှထွက်ရှိအောင် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ စပါးမျိုးကတော့ ဆင်းသုခမျိုး ကိုစိုက်ပျိုးပြီးတော့ တောင်သူ ၂၅ ဦးနဲ့ ဆောင်ရွက်ခဲ့တဲ့ စံပြအကွက်ဖြစ်ပါတယ်။မိုးစပါးတစ်ဧကကို တင်း ၁၀၀ နှုန်းပျမ်းမျှ ထွက်ဖို့ဆောင်ရွက်တဲ့နေရာမှာ ပထမဆုံး စိုက်ပျိုးဆောင်ရွက်မယ့်နေရာ၊ အကွက် အကွင်းနေရာ၊ ဆည်ရေသောက်ဧရိယာ ဖြစ်ရမယ်။ ရေသွင်းရေထုတ်လွယ်ကူတဲ့ နေရာဖြစ်ရမယ်။ သွားရေးလာရေး လွယ်ကူမယ့်နေရာ၊ စံပြကွက်ကို လာရောက်လေ့လာ ချင်သူများလည်း အလွယ်တကူသွားလာ နိုင်မယ့်နေရာတွေကို  ရွေးချယ်ရတယ်။

မြေပြင်တာ၊ မျိုးစေ့ရွေးချယ်တာ စတာတွေ ကိုဆောင်ရွက်တဲ့အပြင် သွင်းအားစုတွေ ထောက်ပံ့တယ်။ စိုက်စနစ်တွေမှန်ကန်ဖို့ ဆောင်ရွက်တယ်။ အပင်ပြုစုခြင်းလုပ်ငန်း တွေမှာဆိုလည်း ပထမအကြိမ်၊ ဒုတိယ အကြိမ်၊ တတိယအကြိမ် ဓာတ်မြေသြဇာ တွေကျွေးတယ်။ ဒါ့အပြင် ပိုးမွှားကင်း ထောက်ခြင်းလုပ်ငန်းတွေကိုလည်း ဆောင်ရွက်တယ်။ အချိန်အခါအလိုက် ပိုးမွှားကျ ရောက်တတ်တဲ့ရောဂါတွေ ကျလားမကျ လားစတာတွေကို ကျွန်တော်တို့ စိုက်ပျိုးရေးဝန်ထမ်းတွေက အပတ်စဉ်အလိုက် ဆောင်ရွက်ပေးတယ်။ ဒီကနေ့မှာဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ရိတ်သိမ်းပွဲ လုပ်နိုင်ခဲ့တယ်။ အဆင့်မြင့်လယ်ယာတွေ ဖြစ်တဲ့အတွက်လည်း ကုန်ထုတ်လမ်း၊ ရေသွင်းရေထုတ်မြောင်းတွေကို ဆည်မြောင်းဦးစီးဌာနကနေ စနစ်တကျဆောင် ရွက်ပေး ထားတဲ့ လယ်ကွက်တွေမှာ ဆောင်ရွက်တာဖြစ်ပါတယ်။ တောင်သူတွေအတွက် အကျိုးအမြတ်အများကြီး ရရှိပါတယ်။

စနစ်တကျစိုက်ပျိုးတဲ့အတွက် တစ်ဧကပျမ်းမျှ တင်း ၁၀၀ ထွက်ရှိမယ်။ တင်း ၁၀၀ ဆိုကာလပေါက်ဈေးနဲ့ ငွေကျပ် ၁၂၅၀၀၀၀ လောက်ရှိပါတယ်။ ကုန်ကျစရိတ် ၅၈၀၀၀၀ ခန့်ရှိတဲ့အတွက် တောင်သူတွေအနေနဲ့ အများကြီးအကျိုး ဖြစ်ထွန်းစေပါတယ်။ ကျွန်တော်တို့ဦးစီး ဌာနအနေနဲ့ကတော့ ညီနောင်ဌာနတွေ ဖြစ်တဲ့ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနတွေနဲ့ပေါင်းပြီး နည်းပညာဝန်ဆောင်မှုတွေပေးဖို့ အသင့်ပါပဲ။

ဒေါ်ခင်မိုးဆင့်(ဒုတိယဦးစီးမှူး၊ လယ်ဝေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန)

ကျွန်မတို့ စံပြကွက်အကောင်အထည် ဖော်ဖို့ကို ရှေ့နှစ်တစ်ရာသီထဲက တောင်သူတွေနဲ့ဆွေးနွေးပြီးတော့ မြေနေရာရွေးတယ်။ တောင်သူရွေးတယ်။ တောင်သူတွေ အထဲမှာ စိတ်ပါအဝင်စားဆုံးတောင်သူကို ရွေးတယ်။ ပြကွင်းပြကွက်လုပ်တာဖြစ်တဲ့ အတွက် နေရာရယ်၊ တောင်သူရယ်ကို အဓိကရွေးချယ်တာဖြစ်ပါတယ်။ စိုက်ပျိုးတော့မယ်ဆိုရင် မျိုးစေ့ကိုဘယ်လိုသုံးမလဲ။ မစိုက်ခင်မှာ ပြင်ဆင်တယ်။ မျိုးစေ့ စုဆောင်းတယ်။ တောင်သူတွေကို ဆွေးနွေးပွဲ အကြိမ်ကြိမ်ပြုလုပ်ပြီးတော့ နည်းပညာတွေပေးတယ်။ စုပေါင်းပြီးပျိုးထောင်စေတယ်။ ပျိုးထောင်တဲ့နေရာမှာ ပေါင်ပျိုးလေးတွေနဲ့ တစ်ဧက ၁ တင်းနှုန်းအသုံး ပြုတယ်။ ပေါင်ပျိုးကို အသုံးပြုတဲ့အတွက် မျိုးစေ့သက်သာတယ်။ ပျိုးပျက်စီးမှုနည်း တယ်။ ရေသွင်းရေထုတ်အဆင်ပြေတယ်။ ဒါကြောင့် တောင်သူတွေ အတွက် အဆင်ပြေတယ်။ ကုန်ကျမှုသက်သာတယ်။ စိုက်ပျိုးတဲ့နေရာမှာ ခြောက်တန်း တစ်တန်းလှပ်စနစ်နဲ့ စိုက်ပျိုးတယ်။ အဲဒီလိုစိုက်ပျိုးတဲ့အတွက်  မြေသြဇာကျွေးတာ၊ ပေါင်းနုတ်တာတွေ အတွက် အဆင်ပြေစေပါတယ်။ မြေသြဇာ ကျွေးတဲ့အခါမှာလည်း ဝန်ထမ်းတွေနဲ့ စနစ်တကျဆောင်ရွက်ပေးတယ်။ မြေသြဇာဈေး ကြီးနေတဲ့အချိန်မှာ EM ဘိုကာရှီမြေဆွေး ပြုလုပ်ပုံကို သင်ကြား ပေးပြီး တောင်သူတွေ ကို စုပေါင်းပြီးဆောင်ရွက်စေတယ်။ ဒုတိယ ဝန်ကြီးနဲ့ တာဝန်ရှိသူတွေက အားပေးတယ်။  ရိတ်သိမ်းတဲ့ အချိန်မှာတော့ အရမ်းလည်း ရင်ခုန်မိပါတယ်။ ရိတ်သိမ်းပြီး တင်းချိန်တဲ့အချိန်မှာတော့ စပါးတစ်ဧကကို တင်း ၁၃၀ ဒသမ ၂၅ တင်းထွက်ရှိတယ်လို့ ကြေညာတဲ့အချိန်မှာတော့ တောင်သူတွေရော ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ဝန်ထမ်းတွေအားလုံး အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။

ဦးတင်အောင်မိုး(တောင်သူ၊ ကုန်းပေါ်စုကျေးရွာ)

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်တဲ့ စံပြစိုက်ကွက်ရိတ်သိမ်းပွဲမှာဆိုရင် တော်တော်လေးကို အားရကျေနပ်မိပါတယ်။ ကျွန်တော်တို့ တောင်သူတွေကို စပါးအထွက်တိုးဖို့အတွက် အဘက်ဘက်ကနေပြီး ကူညီဆောင်ရွက်ပေးတဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။ နည်းမှန်၊ မျိုးမှန် စတဲ့မှန်လေးမှန်နဲ့ ဆောင်ရွက်ပေးတဲ့အတွက်လည်း တောင်သူတွေအတွက် အများကြီး အကျိုးဖြစ် ထွန်းပါတယ်။ နောက်နှစ်တွေ မှာလည်း ဒီလိုမျိုးအထွက်နှုန်းကောင်းမယ်လို့လည်း မျှော်မှန်းထားပါတယ်။ အရင်ကတော့ မိရိုးဖလာ ဆောင်ရွက်တဲ့အတွက် အခက်အခဲတွေရှိပါတယ်။ အခုကတော့ စိုက်ပျိုးချိန်မီ ရေရရှိရေးအတွက်လည်း မပူရတော့ဘူး။ စိုက်ပျိုးပြီးရင် လည်း ရေ လုံလောက်စွာရရှိတယ်။ အရင်ကတစ်ဧကကို စပါးတင်း ၆၀ ကနေ ၉၀ အထိရဖို့ဆို တာ အတော်လေးကိုခက်ခဲပါတယ်။ အခုကတော့ တစ်ဧကကိုတင်း ၁၀၀ ကျော်ထွက် တဲ့အတွက် အရမ်းကိုဝမ်းသာမိပါတယ်။ ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီး အကဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းသလို တောင်သူတွေအတွက်လည်း အများကြီး အကျိုးဖြစ်ထွန်းစေပါတယ်။

ဦးဉာဏ်ဝင်းထွန်း(တောင်သူ၊ ကျောင်းကုန်းကျေးရွာ)

အရင်ကတော့ ကျွန်တော်တို့စိုက်ပျိုးတဲ့နေရာမှာ သွင်းအားစုဖြစ်တဲ့မြေသြဇာကို လုံလုံလောက်လောက် မသုံးနိုင်သလိုစိုက်ပျိုးရေ မျိုးကောင်းမျိုးသန့်ရွေးချယ်မှု၊ နည်းပညာအခက်အခဲတွေကြောင့် အထွက်နှုန်းတွေလျော့တယ်။ အခု အဆင့်မြင့် လယ်ယာတွေ ဖော်ဆောင်ပေးလိုက်တဲ့အခါမှာ ကျွန်တော်တို့ ထင်မထားလောက်အောင် အထွက်နှုန်းတွေ ကောင်းလာတယ်။ သွင်းအားစုဖြစ်တဲ့  ဓာတ်မြေသြဇာတွေ၊ မြေဆွေးတွေကို နည်းစနစ်မှန်စွာအသုံးပြု တတ်လာတယ်။ စိုက်ပျိုးရေးဝန်ထမ်းတွေကလည်း လယ်ထဲက ထွက်တဲ့ စွန့်ပစ်ပစ္စည်း တွေနဲ့မြေဆွေးပြုလုပ်ပုံတွေ၊ မြေဆွေးကျင်း တွေကို စနစ်တကျပြုလုပ်တတ်အောင် သင်ကြားပြသပေး ပါတယ်။ ကျွန်တော့်အနေနဲ့လည်း အခြားသောတောင်သူတွေကို မြေဆွေးမြေသြဇာ ပြုလုပ်ပုံတွေကိုလည်း လက်ဆင့်ကမ်း ပေးသွားမှာပါ။

ဦးတင်ငွေ(တောင်သူ၊ ခရမ်းကိုင်းကျေးရွာ)

ကျွန်တော်တို့ကို စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးမှုတွေ အဆင်ပြေဖို့အတွက် ဝန်ထမ်းတွေကိုယ်တိုင် ကွင်းထဲဆင်းပြီးတော့ အသေးစိတ်ဆောင်ရွက်ပေးပါတယ်။ ပထမဆုံးစိုက်ပျိုးတဲ့နေရာမှာ ပေါင်ဆွဲပြီးတော့ ပျိုးပေါင်ထောင်စနစ်နဲ့ စိုက်ပျိုးတယ်။ စိုက်ပျိုး ရက် ၂၅ ရက်လောက်မှာတော့ ပျိုးပင်တွေကိုခြောက်တန်းတစ်တန်း လှပ်စနစ်နဲ့စိုက်ပျိုးပေးတယ်။ သွင်းအားစုဖြစ်တဲ့ ဓာတ်မြေသြဇာ မြေဆွေးအသုံးပြု တာတွေကို စနစ်တကျဆောင်ရွက်ပေးတဲ့ အပြင် သဘာဝမြေဆွေးထုတ်လုပ်ပုံတွေကိုပါ သင်ကြားပေးပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ သင်ကြားပေးတဲ့အတိုင်း နောင် နှစ်တွေမှာ အသုံးပြုဖို့အတွက်လည်း EM ဘိုကာရှီသဘာဝမြေဆွေးကို ကိုယ်တိုင် ထုတ်လုပ်စုဆောင်းထားပြီးပါပြီ။ အရင်က တစ်ဧကို စပါတင်း ၆၀ ကျော်လောက်ရဖို့ကို ခက်ခဲပါတယ်။ အခု စပါးတင်း ၁၀၀ ကျော်ထွက်ရှိတဲ့အတွက် အရမ်းကိုပျော်ရွှင် မိပါတယ်။  ။

လင်းခန့်