မသန်စွမ်းမဲဆန္ဒရှင်များ၏ ရွေးကောက်မှုအခွင့်အရေးနှင့် ကဏ္ဍစုံတွင်ပါဝင်မှုမြှင့်တင်ရေး

မသန်စွမ်းမဲဆန္ဒရှင်များ၏ ရွေးကောက်မှုအခွင့်အရေးနှင့် ကဏ္ဍစုံတွင်ပါဝင်မှုမြှင့်တင်ရေး

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ၁၉၉၂ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ယခုနှစ်သည် (၂၉)ကြိမ်မြောက်ဖြစ်သည်။ ယခုနှစ်၏အထိမ်းအမှတ်ဆောင်ပုဒ်မှာ ''Transformative solutions for inclusive development: the role of innovation in fuelling an accessible and equitable world" ဖြစ်ပြီး “အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင်အဖြေရှာစို့။ အားလုံး လက်လှမ်းမီ ညီမျှရေး၊ တီထွင်ဖန်တီးမှုစွမ်းအားဖြင့်ဆောင်ရွက်ပေး” ဟူ၍ မြန်မာဘာသာသို့ ပြန်ဆိုထားရှိကြောင်း လေ့လာဖတ်ရှုရသည်။  မသန်စွမ်းသူများအတွက် ခွဲခြားဆက်ဆံမှုကင်းစင်ရေး၊ အခြေခံလူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်ခွင့်များကို အများနည်းတူ မျှမျှတတရရှိရေး၊ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာအပါအဝင် နယ်ပယ်အသီးသီးတွင် ပေါင်းစည်းပါဝင်နိုင်ရေး၊ မသန်စွမ်းသူများ လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားလုံခြုံစိတ်ချမှုအတွက် တီထွင်ဖန်တီးဆောင်ရွက်ပေးနိုင်ရေးတို့သည် ကျယ်ပြန့်သော အကြောင်းခြင်းရာများဖြစ်ပြီး ယင်းတို့အနက်  နိုင်ငံသားများဖြစ်ကြသော မသန်စွမ်းသူများ၏ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများသည် မသန်စွမ်းသူများ အသိုက်အဝန်းတစ်ရပ်လုံးအတွက် အခြေခံကျသော နိုင်ငံရေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ် ကြောင်း ယုံကြည်မိသည်။   

ဖွဲ့စည်းပုံအခြေခံဥပဒေပါအခြေခံမူများ

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂ ပုဒ်မခွဲ(က)တွင် “နိုင်ငံတော်သည် မိခင်နှင့်ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်” ဟု ပြဋ္ဌာန်းထားရာ မသန်စွမ်းသူများဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရရှိရေး၊  အလုပ်အကိုင် အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရေးနှင့် မြှင့်တင်ပေးရေးတို့သည်  နိုင်ငံတော်ကကြည့်ရှု စောင့်ရှောက်ပေးရမည့် အမျိုးသားရေး လုပ်ငန်းတာဝန်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ ပုဒ်မခွဲ(က)တွင် “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်” ဟုလည်း ပြဋ္ဌာန်းထားသည်ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများနှင့် မဆန့်ကျင်လျှင် မသန်စွမ်းမဲဆန္ဒရှင်များသည် လွှတ်တော်ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးခွင့်နှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်သို့လည်း ကိုယ်တိုင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသူများ ဖြစ်ကြသည်။

ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း (UNITED NATIONS CONVENTION ON THE RIGHTS OF PERSONS WITH DISABILITIES) သဘောတူစာချုပ်ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင်ကြေညာခဲ့ရာ  ကမ္ဘာ့နိုင်ငံများက လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် အစိုးရကလည်း ၂၀၁၁ ခုနှစ်ဒီဇင်ဘာ ၇ ရက်တွင် သဘောတူစာချုပ်အား ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူ စာချုပ် အပိုဒ်(၁)တွင် “ဤကွန်ဗင်းရှင်း၏ ရည်ရွယ်ချက်မှာ မသန်စွမ်းသူတိုင်း  လူ့အခွင့်အရေးအားလုံးနှင့် အခြေခံလွတ်လပ်ခွင့် များကို ညီမျှစွာ အပြည့်အဝရရှိရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊  တိုးမြှင့်လုပ်ဆောင်ရန်၊ သေချာစေရန်နှင့်  မသန်စွမ်းသူများ ၏မွေးရာပါ ဂုဏ်သိက္ခာကို ပိုမိုလေးစားမှုရှိစေရန်ဖြစ်ကြောင်း” ဖော်ပြထားသည်။ သဘောတူစာချုပ်တွင် မသန်စွမ်း သူများအတွက် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးနှင့် စပ်လျဉ်း၍ အပိုဒ်(၂၉)နိုင်ငံရေးနှင့် ပြည်သူ့ဘ၀ နယ်ပယ်များ၌ ပါဝင်ဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့် သတ်မှတ်ပေးထားသည်။ အပိုဒ်(၂၉) အပိုဒ်ခွဲ (က)တွင် “အဖွဲ့ဝင်နိုင်ငံများသည် မသန်စွမ်းသူများအား အခြားသူများ နည်းတူ နိုင်ငံရေးပါဝင် ဆောင်ရွက်ခွင့်ရရှိမှုကို အာမခံရမည်။ အဖွဲ့ဝင်နိုင်ငံများသည် မသန်စွမ်းသူများ အခြားသူများနည်းတူ နိုင်ငံရေးနှင့် ပြည်သူ့ဘဝနယ်ပယ်များ၌ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ကို လွတ်လပ်စွာရွေးချယ်၍ဖြစ်စေ ပါဝင်ဆောင်ရွက်ခွင့် ရရှိမှုသေချာအောင် ဆောင်ရွက်ပေးရမည်။ ယင်းတို့တွင် မသန်စွမ်းသူများ၏ တန်းတူမဲပေးပိုင်ခွင့်နှင့် ကိုယ်တိုင်ရွေးချယ်ခံပိုင်ခွင့်ရရှိမှု သေချာစေရေးအတွက် မဲပေးရေးလုပ်ငန်းအစီအစဉ်များ၊ အကူအညီပေးမှုများနှင့် အသုံးအဆောင်ပစ္စည်းများသည် မသန်စွမ်းသူများ အတွက် သင့်လျော်မှု၊ ချဉ်းကပ်ဝင်ရောက်ရန်လွယ်ကူမှု၊ အလွယ်တကူနားလည်သဘောပေါက် အသုံးပြုနိုင်မှုရှိရမည်။ ရွေးချယ် တင်မြှောက်ပွဲနှင့် ပြည်သူ့ဆန္ဒခံယူပွဲတို့၌ မသန်စွမ်းသူတို့အား လျှို့ဝှက်ဆန္ဒမဲပေးနိုင်သည့် အခွင့်အရေးကို ခြိမ်းခြောက်ခံရခြင်းမရှိဘဲ ဆောင်ရွက်နိုင်ရန် ကာကွယ်ပေးရမည်။ ထို့ပြင် ယှဉ်ပြိုင်ရွေးချယ်ခံ၍ ရုံးဖွင့်လှစ်ရေး၊ အစိုးရအဖွဲ့၏ အဆင့်တိုင်း၌  ပြည်သူ့ရေးရာ လုပ်ငန်းများကို ဆောင်ရွက်ရေးတို့တွင် အကူအားပြုကိရိယာများနှင့် နည်းပညာအသစ်များ အသုံးပြုရေးတို့အတွက် အဆင်ပြေ အောင် စီစဉ်ပေးရမည်။ မသန်စွမ်းသူများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်သည့်အပြင် ၎င်းတို့၏ ဆန္ဒကိုလွတ်လပ်စွာ ထုတ်ဖော် ပြောဆိုနိုင်ရန်နှင့် ၎င်းတို့၏ ဆန္ဒအတိုင်းမဲပေးနိုင်ရေးအတွက် ၎င်းတို့၏ တောင်းဆိုချက်အရ လိုအပ်ပါက မဲထည့်ရာ၌ ၎င်းတို့ စိတ်ကြိုက်ရွေးချယ်သောသူ၏ အကူအညီဖြင့် မဲထည့်ခြင်းကိုခွင့်ပြုရမည်” ဟု ဖော်ပြပါရှိသည်။

မသန်စွမ်းမဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲ ဥပဒေပါအခွင့်အရေးများ ဖော်ဆောင်ပေးလျက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားသည့် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း အရ မသန်စွမ်းသူများ၏ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေး ပိုမိုမြှင့်တင်နိုင်ရေးအတွက်  ကွန်ဗင်းရှင်း၏အပိုဒ်(၂၉)နှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၈-၇-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၄)ဖြင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများတွင် ဖြည့်စွက်ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်သည်။ ရွေးကောက်ပွဲဥပဒေတွင် မသန်စွမ်းမှုအတွက် ကန့်သတ် ချက်မရှိပါ။ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများအရ မသန်စွမ်းသူများအတွက် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ မဲစာရင်းပြုစုရာတွင် မသန်စွမ်းမဲဆန္ဒရှင်များမကျန်စေဘဲ ပြုစုခြင်းလုပ်ငန်းစဉ်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းလုပ်ငန်းစဉ်၊ မဲရုံများဆောက်လုပ်ရာတွင် မသန်စွမ်းသူများ အဆင်ပြေချောမွေ့စွာ ဝင်ရောက် ဆန္ဒမဲပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခြင်း လုပ်ငန်းစဉ်နှင့် မသန်စွမ်းသူကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်သော သူတစ်ဦး၏ အကူအညီဖြင့် ဆန္ဒမဲပေးခြင်းတို့အား ဥပဒေပါအခွင့်အရေးများအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်၊ မြန်မာနိုင်ငံ မျက်မမြင်အသင်းချုပ်၊ မသန်စွမ်းသူများအသင်းအဖွဲ့များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်း များ ပူးပေါင်း၍ မသန်စွမ်းသူများရွေးကောက်ပွဲတွင် ပါဝင်ခြင်း အခန်းကဏ္ဍမြှင့်တင်ရေး အစီအစဉ်များကို ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။ ရွေးကောက်ပွဲများမတိုင်မီ မဲရုံအလိုက်မသန်စွမ်းသူ အမျိုးအစားခွဲခြား၍ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်အတွက် ပညာပေးသင်တန်းများ၊ မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲ ပညာပေး သင်တန်းများတွင် မသန်စွမ်းသူ မဲဆန္ဒရှင်များအတွက်  ဆောင်ရွက်ပေးရမည့် ဥပဒေပါအခွင့်အရေးများ ဆွေးနွေးပို့ချပေးခြင်း၊ လက်တွေ့သရုပ်ပြ သင်ကြားပေးခြင်းတို့ဖြင့် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်သည့် ရွေးကောက်ပွဲဆိုင်ရာသင်တန်းများတွင် “အားလုံးပါဝင်သော ရွေးကောက်ပွဲနှင့်   မသန်စွမ်းသူများအခန်းကဏ္ဍ” ကို သီးခြားခေါင်းစဉ် တစ်ရပ်အနေဖြင့် သင်ကြားပို့ချပေးလျက်ရှိသည်။

မသန်စွမ်းမဲဆန္ဒရှင်များ မဲရုံအတွင်း အလွယ်တကူသွားလာနိုင်ရန်၊ ဆန္ဒမဲပေးခြင်း လွယ်ကူစေရန်တို့အတွက် မဲရုံအဝင်အထွက် အတက်အဆင်းများတွင် ပြေပြစ်သောလျှောစောက်ဆောင်ရွက်ခြင်း၊ မဲရုံအတွင်းလျှောက်လမ်းများတွင်  လက်ကိုင်တန်း သို့မဟုတ် ကြိုးတန်းများထားရှိပေးခြင်း၊ ဝှီးချဲအလွယ်တကူ ဝင်ထွက်နိုင်ရန် သင့်လျော်သော အကွာအဝေးထားရှိခြင်း၊ ဆန္ဒပြုခန်းနှင့် မဲပုံးတင်ထားသည့် စားပွဲများရှိရာသို့ မသန်စွမ်းမဲဆန္ဒရှင်များ အလွယ်တကူသွားရောက်နိုင်ရန်စီစဉ်ထားရှိခြင်းတို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်မှုဖြင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က မဲရုံအဆင့်အထိ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက် ပေးခဲ့သည်။ မသန်စွမ်းမဲဆန္ဒရှင် အများစုရှိသည့် နေရာများတွင်  စံပြမဲရုံများ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့သည်။

မျက်မမြင်လက်စမ်းစာကတ်ပြားဖြင့် ဆန္ဒမဲပေးခြင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီးခဲ့သော ရွေးကောက်ပွဲများတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်၊   မြန်မာနိုင်ငံ မျက်မမြင်အသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရန်ကုန်မြို့ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၊ မုံရွာမြို့ ရောင်ခြည်သစ်မျက်မမြင်ကျောင်း၊ စစ်ကိုင်းမြို့ လူမှုဝန်ထမ်းမျက်မမြင်ကျောင်းနှင့် ပခုက္ကူမြို့မျက်မမြင်ကျောင်းတို့မှ အမြင်အာရုံ မသန်စွမ်း မဲဆန္ဒရှင်များအတွက် စံပြမဲရုံများဖွင့်လှစ်ပေးပြီး Braille Template မျက်မမြင် လက်စမ်းစာကတ်ပြား အသုံးပြု၍ အမြင်အာရုံ မသန်စွမ်းမဲဆန္ဒရှင်က အကူဖြင့်မဟုတ်ဘဲ ဆန္ဒမဲလက်မှတ်ပေါ်တွင် မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းအား ကိုယ်တိုင်ရွေးချယ် ဆန္ဒပြုနိုင်သည့် စနစ်ကိုရွေးကောက်ပွဲ မှတ်တမ်းတစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေပါလုပ်ငန်းတာဝန်များ

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းတို့အရ ၂၀၁၅ ခုနှစ်  ဇွန် ၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်က မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင်  အမိန့် ကြော်ငြာစာ အမှတ် (၁၂၄/၂၀၁၇)ဖြင့် ထုတ်ပြန်ခဲ့သည်။ ဥပဒေပုဒ်မ ၄ အရ ယင်းဥပဒေ၏ပြဋ္ဌာန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်လမ်းညွှန်မှု၊ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ကွပ်ကဲမှုများ ပြုလုပ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းထားရှိသည်။  မသန်စွမ်းသူ များအတွက် ရွေးကောက်တင်မြှောက်ခြင်းနှင့် စပ်လျဉ်း၍ ယင်းဥပဒေ အခန်း(၈) မသန်စွမ်းသူများနိုင်ငံရေးနှင့်ပြည်သူ့ရေးရာ နယ်ပယ်များတွင်   ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး ခေါင်းစဉ်ဖြင့် ပုဒ်မ ၂၉ တွင် “ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မသန်စွမ်းသူတိုင်း သည် လွှတ်တော်တစ်ရပ်ရပ်အတွက် လျှို့ဝှက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ ပုဒ်မ ၃၀ တွင် မသန်စွမ်းသူ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ လွှတ်တော်တစ်ရပ်ရပ်တွင် ရွေးချယ်ခံပိုင်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသည်။ နည်းဥပဒေများ အခန်း(၆) မသန်စွမ်းသူများ   နိုင်ငံရေးနှင့် ပြည်သူ့ရေးရာနယ်ပယ်များတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး ခေါင်းစဉ်ဖြင့် နည်းဥပဒေ ၂၆ နှင့်နည်းဥပဒေ ၂၇ တို့တွင်   မသန်စွမ်းသူများ၏ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများနှင့် စပ်လျဉ်းဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များအား သတ်မှတ် ဖော်ပြပေးထားသည်။

မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၂/၂၀၂၂)ကို ၂၀၂၂ ခုနှစ်  အောက်တိုဘာ ၂၅ ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားရာတွင် “...မသန်စွမ်းသူများအတွက် အလွန်အကျိုးရှိစေမည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကနဦးစီမံကိန်းနယ်မြေ ၄ ခုဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တို့တွင် အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိကြောင်း၊  မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းဖြင့် မသန်စွမ်းမှုအဆင့်အလိုက် လိုအပ်သောပံ့ပိုးမှုများကို သိရှိပံ့ပိုးပေး နိုင်မည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မသန်စွမ်းသူများ အပေါ်ကူညီထောက်ပံ့မှုများ ထိထိရောက်ရောက်ဆောင်ရွက်လာနိုင်မည်ဖြစ်၍ မသန်စွမ်းသူများအတွက် အလွန်အကျိုးရှိစေမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အတွက် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်စေရေး စီမံကိန်းရေးဆွဲ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် မသန်စွမ်းသူမှတ်ပုံတင်ခြင်းလုပ်ငန်းကို တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ...” မှာကြားခဲ့သည်။

ထို့အတူ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော  ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းဆိုင်ရာ အစည်းအဝေးတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားရာ “..မဲစာရင်းများမှန်ကန်စေရန် ပထမအဆင့် အနေဖြင့် နိုင်-၄ နှင့်ပတ်သက်သည့် စာရင်းဇယားများကို  အတိအကျဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွန်ပျူတာစနစ်ဖြင့် စစ်ဆေးပြီးနောက် ပုံစံ(၆၆/၆)ကို Software နည်းပညာဖြင့် စစ်ဆေးခဲ့ကြောင်း၊ တတိယအဆင့်အနေဖြင့် ပုံစံ(၆၆/၆)ပါ မှားယွင်းမှုများကို မြေပြင်တွင်သေချာစွာ စိစစ်ပြုပြင် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ထိုသို့မှန်ကန်စွာ စာရင်းဇယားကောက်ယူနိုင်မှသာ နောင်ဆက်လက်ဆောင်ရွက်မည့် e-ID စနစ်တွင်  မှန်ကန်သည့် အချက်များ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် နိုင်-၄၊ ပုံစံ(၆၆/၆) ကိစ္စရပ်များနှင့် ပတ်သက်၍ မြေပြင်စာရင်း ကောက်ယူသည့် အခါ  မသန်စွမ်းအမျိုးအစား ၄ မျိုးကိုလည်း သေချာစွာရေးသားဖော်ပြနိုင်ရန်လိုကြောင်း” ထည့်သွင်းမှာကြားခဲ့သည်။

မသန်စွမ်းမဲဆန္ဒရှင်အမျိုးအစားစာရင်းရရှိရေး

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက  ပုံစံ(၆၆/၆) များနှင့်ပတ်သက်၍ မြေပြင်စာရင်းကောက်ယူချိန်တို့တွင် မသန်စွမ်းအမျိုးအစား ၄ မျိုးကိုပါ တစ်ပါတည်း စိစစ်ကောက်ယူနိုင်ခြင်းအားဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင်  မသန်စွမ်းမဲဆန္ဒရှင် အမျိုးအစား ၄ မျိုး စာရင်းရရှိရေးအတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သည်။ မဲရုံအလိုက် ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် မသန်စွမ်းမဲဆန္ဒရှင် အချက်အလက်များရရှိမှသာ သက်ဆိုင်ရာမဲရုံများတွင် မသန်စွမ်းသူများ လွယ်ကူချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ကျယ်ကျယ်ပြန့်ပြန့် စီမံဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တတိယအဆင့် ဆောင်ရွက်မည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များ မြေပြင်စိစစ်ခြင်း လုပ်ငန်းစဉ်အတွက် လုပ်ငန်းအဖွဲ့အဆင့်ဆင့်နှင့်   ကွင်းဆင်းကောက်ယူမည့်အဖွဲ့များအား သင်တန်းပေးချိန်တွင် မသန်စွမ်းအမျိုးအစား ၄ မျိုးစာရင်းကောက်ယူခြင်း စနစ်တကျ ဖြစ်စေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပါဝင်ပို့ချဆွေးနွေးပေးရန် လိုအပ်မည် ဖြစ်သည်။

ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အမှတ်စဉ်(၅)အရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကျင်းပပေးရမည်ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လာမည့် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ်(PR) ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်သည်။  လွှတ်တော် ရွေးကောက်ပွဲဥပဒေများ အသစ်ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲရုံး  အဆင့်ဆင့် ရုံးဝန်ထမ်းများအား  လေ့ကျင့်သင်တန်းပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ကို အခြေခံထားသည့် အခြေခံလူဦးရေစာရင်းများနှင့် မြေပြင် လူဦးရေစာရင်းများ တိုက်ဆိုင်စိစစ်ခြင်းတို့ ဆောင်ရွက်နေပြီဖြစ်သည်။

ရွေးကောက်ပွဲဥပဒေအရ နိုင်ငံသားတစ်ဦးအနေဖြင့် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အခွင့်အရေးကို  ကျင့်သုံးနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကထုတ်ပေးသည့် နိုင်ငံသားဖြစ်ကြောင်း အထောက်အထား၊  နိုင်ငံသားကတ်တစ်မျိုးမျိုးနှင့် နေထိုင်ကြောင်းအထောက်အထား၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) ရှိရန်လိုပါသည်။ ပုံစံ(၆၆/၆) ရှိရာ ရပ်ကွက်/ကျေးရွာအုပ်စု၏ မဲစာရင်းတွင်သာ မိမိအမည်ပါဝင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသား ဖြစ်သည့် မသန်စွမ်း မဲဆန္ဒရှင်များအနေဖြင့်လည်း ဥပဒေပါအခွင့်အရေးဖြစ်သော မိမိတို့၏ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်အတွက် မဲစာရင်းတွင်ပါဝင်ရန် နိုင်ငံသားကတ်တစ်မျိုးမျိုးနှင့် နေထိုင်ကြောင်း အထောက်အထား အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ရှိရန် လိုအပ်ပါကြောင်း ဖော်ပြအပ်သည်။ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ ပါဝင်ခြင်း အခန်းကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မသန်စွမ်းအဖွဲ့အစည်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြမည် ဖြစ်သည်။

ပြောင်းလဲကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ်နှင့် မသန်စွမ်းမဲဆန္ဒရှင်များအခန်းကဏ္ဍ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် လူထုကိုယ်စားပြုမှု ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင် ပေးနိုင်ရန် အချိုးကျကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးမည်ဖြစ်သည်။ အချိုးကျကိုယ်စားပြုစနစ်ဆိုသည်မှာ   မဲဆန္ဒနယ်တစ်နယ် တွင် တစ်ဦးထက်ပိုသောလွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရန် မဲဆန္ဒနယ်မြေကို  ကျယ်ပြန့်စွာသတ်မှတ်ပြီး  ယင်းမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေသတ်မှတ်ပေးကာ နိုင်ငံရေးပါတီများနှင့် တစ်သီး ပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းများအား ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများရရှိသည့် ထောက်ခံဆန္ဒမဲအရေအတွက်ပေါ်မူတည်၍ အချိုးကျကိုယ်စားပြုစနစ်ဖြင့် တွက်ချက်၍ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်အား သတ်မှတ်ပေးသည့်စနစ်ဖြစ်သည်။ နိုင်ငံရေးမူဝါဒ အခြေပြုပါတီများ၊ တိုင်းရင်းသားလူမျိုးစု အခြေပြုပါတီများ၊ နယ်မြေဒေသ အခြေပြုပါတီများ၊ လူနည်းစုကိုယ်စားပြုပါတီများနှင့်   တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မိမိတို့ရရှိသည့် ထောက်ခံမဲအချိုးအစားပေါ်မူတည်ပြီး ရွေးကောက် တင်မြှောက် ခံရနိုင်သည့် စနစ်ဖြစ်သည်။ အုပ်ချုပ်ရေးနှင့် ဥပဒေပြုလွှတ်တော်များတွင် ပါတီစုံမှကိုယ်စားပြုနေရာများ ပိုမိုရရှိလာ မည်ဖြစ်သည်။

PR စနစ်အမျိုးအစား အများအပြားရှိသည့်အနက် နိုင်ငံတကာတွင်အသုံးများပြီး မဲဆန္ဒရှင်များ လွယ်ကူစွာဆန္ဒမဲပေးနိုင်ကာ ရွေးကောက်ပွဲရလဒ်တွက်ချက်ရာတွင် ရိုးရှင်းလွယ်ကူသည့် စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ်(Closed List-PR)ဖြင့် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသတစ်ခုစီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီနှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်တို့ကို ယခင်ရွေးကောက်ပွဲများအတိုင်း မဲများသူအနိုင်ရရှိသည့်စနစ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျန်မဲဆန္ဒနယ်များ အတွက် PR စနစ်ကျင့်သုံးသွားမည်ဖြစ်သည်။ (Closed List-PR) စနစ်သည် ဆန္ဒမဲလက်မှတ်ပေါ်တွင်  နိုင်ငံရေးပါတီအမည်နှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်ကို ဖော်ပြထားခြင်းဖြစ်ပြီး မဲဆန္ဒရှင်ကမိမိနှစ်သက်ရာ နိုင်ငံရေးပါတီတစ်ခု သို့မဟုတ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်ဆန္ဒပြုရခြင်းဖြစ်သည်။ ပထမအဆင့်အနေဖြင့် နိုင်ငံရေးပါတီ များနှင့် တစ်သီးပုဂ္ဂလများရရှိသည့် ထောက်ခံဆန္ဒမဲများကို မဲဝေစု(Quota)နည်းဖြင့် ကိုယ်စားလှယ်ဦးရေတွက်ချက်ပြီး သတ်မှတ် ကိုယ်စားလှယ်အရေအတွက် ပြည့်မီခြင်းမရှိသေးပါက ဒုတိယအဆင့်အနေဖြင့် အကြွင်းမဲအများဆုံးစနစ် (The Largest Remainder) နည်းဖြင့် ကြွင်းကျန်မဲအများအနည်းအလိုက် ကိုယ်စားလှယ်တစ်ဦးစီ ထပ်ဆောင်းတွက်ချက်ပေးခြင်း နည်းစနစ်ဖြစ် သည်။ ထောက်ခံဆန္ဒမဲ မဲဝေစု(Quota)တစ်စုရရှိသည်နှင့် ကိုယ်စားလှယ်တစ်ဦး ရွေးကောက်ခံရသည့် စနစ်ဖြစ်သဖြင့်   ပါတီစုံနှင့် လူနည်းစုများအတွက် ကိုယ်စားပြုမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေ၏ သန်းတစ်ထောင်ကျော်သည် မသန်စွမ်းမှု တစ်မျိုးမျိုး ခံစားနေရသူများ ဖြစ်ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရလည်း နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း ၂ ဒသမ ၇ သန်းကျော်သည် မသန်စွမ်းသူများဖြစ်ကြောင်း သိရှိရသည်။ လူ့အသိုက်အဝန်းထဲမှ လူသားများ၊ လူသားထဲမှ နိုင်ငံသားများဖြစ်ကြသည့် မသန်စွမ်းသူများအား ကမ္ဘာ့အကြီးဆုံး လူနည်းစုအုပ်စုအဖြစ် သတ်မှတ်ထားကြသည်။ မြန်မာနိုင်ငံတွင်လည်း ရပ်ကွက်နှင့် ကျေးရွာတိုင်းတွင် မသန်စွမ်းမှုတစ်ခု သို့မဟုတ်  တစ်ခုထက်ပို၍ခံစားနေရသူ မသန်စွမ်းမဲဆန္ဒရှင်များရှိနေနိုင်သည်။ မသန်စွမ်းမဲဆန္ဒရှင်များအတွက် ကိုယ်စားပြုမှုကို  ပိုမိုမြှင့်တင် ပေးကြရမည်ဖြစ်သည်။ မသန်စွမ်းမဲဆန္ဒရှင်များအတွက် အခြေခံလူ့အခွင့်အရေးများ မျှမျှတတရရှိရေး၊ လူမှုစီးပွားမြင့်မားရေးနှင့် ကဏ္ဍစုံတွင် ပါဝင်မှုမြှင့်တင်ရေးတို့ကို အလေးဂရုပြုမည့် နိုင်ငံရေးပါတီများနှင့်လွှတ်တော်ကိုယ်စားလှယ်လောင်းများ   ရွေးကောက်ပွဲ တွင် အားကောင်းရန်လိုသည်။ ထို့ပြင် မသန်စွမ်းမဲဆန္ဒရှင်ကိုယ်တိုင်လည်း ပါတီကိုယ်စားပြု၍ဖြစ်စေ၊ တစ်သီးပုဂ္ဂလလွှတ်တော်   ကိုယ်စားလှယ်လောင်းအနေဖြင့်ဖြစ်စေ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ပြီး မသန်စွမ်းသူများ အသိုက်အဝန်းအတွက် ကိုယ်စားပြုမှု ကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းနှင့်မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေ များပါ မသန်စွမ်းသူများ၏ အခန်းကဏ္ဍကို တိုးမြှင့်ဖော်ဆောင်ပေးနိုင်ရန်နှင့် လာမည့်ရွေးကောက်ပွဲများတွင် မသန်စွမ်းသူများ အတွက် ကိုယ်စားပြုမှုနှင့် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများကို ပိုမိုကျယ်ပြန့်စွာဆက်လက်မြှင့်တင်ပေးနိုင်ရန်တို့အတွက် ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းမဲဆန္ဒရှင် တစ်ဦးအနေဖြင့် ယခုနှစ်၏ အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့ အထိမ်းအမှတ်အတွက်   လေးစားစွာဖြင့်ဂုဏ်ပြုရေးသားဖော်ပြအပ်ပါသည်။   ။

ကိုးကား

ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတ်တမ်းများ

လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့်နည်းဥပဒေများ

မသန်စွမ်းသူများ၏အခွင့်အရေး ဥပဒေနှင့်နည်းဥပဒေများ

မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ

လက်စွဲလမ်းညွှန်စာအုပ်

မဲဆန္ဒရှင်တစ်ဦး