ဂျူဗင်တပ်စ်အသင်းက ဥက္ကဋ္ဌအပါအဝင် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်ခဲ့သော်လည်း ဥရောပဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေ

ဂျူဗင်တပ်စ်အသင်းက ဥက္ကဋ္ဌအပါအဝင် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်ခဲ့သော်လည်း ဥရောပဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေ

ရောမ၊ ဘောလုံး

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက နုတ်ထွက်ခဲ့သည့် အသင်းဥက္ကဋ္ဌ အယ်နယ်လီအပါအဝင် ဒါရိုက်တာ အဖွဲ့ဝင် နေရာများ၌ အစားထိုး ခန့်အပ်ခဲ့သော်လည်း ဥရောပဘောလုံးအဖွဲ့ချုပ်က အသင်းဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုဖြင့် အရေးယူရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုဘောလုံးရာသီ အစပိုင်းကတည်းက အသင်းဘဏ္ဍာရေးချိုးဖောက်မှု စွဲချက်များဖြင့် စုံစမ်းစစ်ဆေး မှုများ ခံယူနေရခြင်းဖြစ် ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အသင်းဥက္ကဋ္ဌ အယ်နယ် လီနှင့် အသင်းဒါရိုက်တာအဖွဲ့ဝင်များဖြစ်သည့် နက်ဗက်တို့အားလုံး ရာထူးမှ အသီးသီးနုတ်ထွက်ပြီးနောက် ဥရောပဘောလုံးအဖွဲ့ချုပ်ကပါ စွဲချက်တင်ကာ စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အသင်းဝင်ငွေလျော့နည်းနေချိန်တွင် အသင်းဘဏ္ဍာရေး စည်းမျဉ်းနှင့် ကိုက်ညီစေရန် အသင်းမှ ကစားသမားများကို လုပ်ခလစာလျှော့ချနိုင်ခဲ့သည် ဟု စာရွက်စာတမ်းအတုများပြုလုပ်ကာ အီတလီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်တို့ထံ တင်ပြခဲ့ခြင်းဖြစ်သည်။

သို့သော် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ဥရောပဘောလုံးအဖွဲ့ချုပ်နှင့် အီတလီနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ထံ ကစားသမားများကို လုပ်ခလစာလျှော့ချနိုင်သည်ဟု တင်ပြခဲ့သော်လည်း အမှန်တကယ်တွင် ကစားသမားများကို တရားမဝင်နည်းလမ်းများ အသုံးပြုကာ လုပ်ခလစာ အပြည့်အဝပေးချေနေရသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် အီတလီနိုင်ငံဘောလုံးအဖွဲ့ချုပ်က အစောပိုင်းက တည်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဂျူဗင်တပ်စ်အသင်းတွင် ဥက္ကဋ္ဌအပါအဝင် ဒါရိုက်တာအဖွဲ့ဝင်အားလုံးနုတ် ထွက်ခဲ့ကြပြီး ဥက္ကဋ္ဌသစ်အဖြစ် ဖာရဲရိုးကို ခန့်အပ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဒယ်ပီယာရိုတို့ကို ခန့်အပ်ထားကြောင်း သိရသည်။         

Ref;Footballitalia