အမေရိကန်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နယ်သာလန်အသင်း ကွာတားဖိုင်နယ်အဆင့်တက်ရောက်

အမေရိကန်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နယ်သာလန်အသင်း ကွာတားဖိုင်နယ်အဆင့်တက်ရောက်

ကာတာ ဒီဇင်ဘာ  ၃

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ကွန်ကာကပ်ဖ်ထိပ်သီး အမေရိကန်အသင်းနှင့် ဥရောပထိပ်သီး နယ်သာလန်အသင်းတို့ကစားခဲ့ရာ ဒမ်းဖရိုက်၏ ခြေစွမ်းပြသမှုနှင့်အတူ နယ်သာလန်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ ပထမဆုံး တက်ရောက်နိုင်ခဲ့သည့်အသင်း ဖြစ်လာခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်ဖြစ်သည်နှင့်အညီ အဓိကကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး နယ်သာလန် အသင်းက ပွဲစကတည်းက ပိုမိုတိုက်စစ်မြှင့်ဖိအားပေးကစားခဲ့ရာ ပွဲချိန် ၁၀ မိနစ်တွင် ဒမ်းဖရိုက်၏ အကောင်းဆုံး ဖန်တီးပေးမှုမှ ဒီပိုင်းက နယ်သာလန်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၄၅ မိနစ်တွင်လည်း ဒမ်းဖရိုက်၏ ဖန်တီးပေးမှုမှပင် ဒါလေဘလိုင်းက ဒုတိယဦးဆောင်ဂိုးသွင်းယူ ပေးနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် နယ်သာလန်အသင်းက နှစ်ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ချေပဂိုးများ လိုအပ်နေသည့် အမေရိကန်အသင်းက ပိုမိုတိုက်စစ်မြှင့် ဖိအားပေး ကစားလာခဲ့ပြီး နယ်သာလန်အသင်းခံစစ်ကစားသမားများ ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရသော်လည်း ပွဲချိန် ၇၆ မိနစ်တွင် ဟာဂျီဝိုက်က အမေရိကန်အသင်းအတွက် ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ချေပဂိုးတစ်ဂိုးရရှိခဲ့ပြီး နောက်ပိုင်းတွင်လည်း အမေရိကန်အသင်းက ပိုမိုတိုက်စစ်ဆင် ဖိအားပေးကစားခဲ့သော်လည်း ပွဲချိန် ၈၁ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဒါလေဘလိုင်း၏ အကွက်မြင်မြင် ဖန်တီးပေးမှုမှ ဒမ်းဖရိုက်က အပိုင်ပိတ်သွင်းပြီး နယ်သာလန်အသင်းအတွက် တတိယဦးဆောင်ဂိုးသွင်းယူပေးခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် နယ်သာလန်အသင်းက ၃ -ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့် သို့တက်ရောက်နိုင်ခဲ့သည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နယ်သာလန်အသင်းသည် အာဂျင်တီးနားအသင်းနှင့် သြစတြေးလျ အသင်း တို့မှ အနိုင်ရရှိသည့် အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပြီး (၁၆)သင်းရှုံးထွက်အဆင့်ပွဲစဉ်များ စတင်ခဲ့ပြီး နောက် နယ်သာလန်အသင်သည် လက်ရှိတွင် ချန်ပီယံဆုဆွတ်ခူး နိုင်ရန် ရေပန်းစားမှုတွင် အဆင့်(၇)နေရာတွင်ရပ်တည်လျက်ရှိနေကြောင်း သိရသည်။

STA