ကျဆုံးလေပြီးသော သူရဲကောင်းစစ်သည်များအတွက် နဝမအကြိမ်မြောက် အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်

ကျဆုံးလေပြီးသော သူရဲကောင်းစစ်သည်များအတွက် နဝမအကြိမ်မြောက် အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၄

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့အတွက် တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့သည့် ခေတ်အဆက် ဆက်မှ ကျဆုံးစစ်သည်များအား အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်း အနားအား နဝမအကြိမ်မြောက်အဖြစ် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ ဂါရဝပြုဆုတောင်းပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ဗဟိုအမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီးစိန်ဝင်း(အငြိမ်းစား)နှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များ၊ ရောင်နီဦးနှင့် မိတ်ဆွေများ ပရဟိတအသင်း၊ ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းနှင့် တပ်မတော်အား ချစ်မြတ်နိုးသူများ တက်ရောက် ကြသည်။

ဦးစွာ အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားအား တက်ရောက်လာကြသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်သီချင်းသီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက် ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန် လေးချက် ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် တိုင်းပြည်အတွက် အသက်ပေးလှူသွား ခဲ့ကြသည့် သူရဲကောင်းစစ်သည်များ အား ရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၂ မိနစ် ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည်များ မြင့်မြတ်သော ကောင်းမွန်ရာ ဘုံဘဝရောက် ရှိစေရန် မိုးပျံပူဖောင်းများလွှတ်တင်ခြင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန်ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များလွှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

၎င်းနောက် တက်ရောက်လာကြသူများက ကျဆုံးစစ်သည်များအတွက် လွမ်းသူ့ပန်းခြင်း များဖြင့် ဂါရဝပြုခြင်းကိုအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း ကျဆုံးစစ်သည်များအား ရည်စူး၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ပေါက်တောကျေးရွာ၊ သဒ္ဓါရုံကျောင်းတိုက်၌ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ်-

ဦးမျိုးမြတ်မောင် ( ဒုတိယညွှန်ကြားရေးမှူး )၊ လူမှုဝန်ထမ်းဦးစီးဌာန

            ကျွန်တော်ကတော့ တပ်မတော်ဆေးတက္ကသိုလ်အမှတ်စဉ်(၁၁) သင်တန်း ဆင်း ဆေးဗိုလ်ကြီး တစ်ယောက်ဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားကတော့ သူရဲကောင်းဗိမာန်မှာ ကျဆုံးလေပြီးသော တပ်မတော်သာများကို လာပြီးဂုဏ် ပြု အလေးပြု ဦးခိုက်တဲ့ ပွဲမျိုးကို ကျွန်တော် တက်ချင်တ,တော့ကြာပါပြီ ။ နေပြည်တော်မှာ ကျင်းပတာ ဒုတိယအကြိမ်လို့သိရပါတယ်။ ပထမအကြိမ်မှာ ကျွန်တော် ကိုဗစ်-၁၉ ကြောင့် Quarantine ဝင်နေတော့ မတက်ရောက် နိုင်ခဲ့ပါဘူး။ ဒီနှစ်တော့ မဖြစ်ဖြစ်အောင်လာခဲ့တာပါ။ ကျွန်တော်က လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က ကချင်ပြည်နယ်မှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်းနဲ့  ရန်သူ့ မိုင်းကြောင့် မျက်လုံးနှစ်ဖက်စလုံး ပေါက်ထွက်ပြီး ခန္ဓာကိုယ်တစ်လခုလုံးတွင် ဒဏ်ရာပေါင်း ၈၉ ချက်ရရှိပြီး တပ်မတော်ကနေအငြိမ်းစားယူပြီး အရပ်ဖက်ကို ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။ တပ်မတော်သာတွေဆိုတာက နိုင်ငံတော်ရဲ့ တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးအတွက်ကို အသက်နဲ့ ခန္ဓာစွန့်ပြီး အထက် ကပေးအပ်တဲ့ အမိန့်နဲ့ တာဝန်တွေကို ဦးလှည့်မသုံ ထမ်းဆောင်ခဲ့ကြတယ် ဆိုတာကတော့ သမိုင်းအဆက်ဆက် သက်သေထူခဲ့ပြီးသား ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာ အသက်ပေးဆပ်ခဲ့ကြတဲ့ တပ်မတော်သားတွေ အဓိကအားဖြင့် နိုင်ငံတော်ရဲ့ ကာကွယ်ရေးတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ကျွန်တော်တို့ နောင်တော်တွေကို ဒီနေ့လာပြီး ကိုယ်တိုင်အလေးပြုတာဖြစ်ပါတယ်။ ဒီလိုပွဲမျိုး ကိုနှစ်စဉ်နှစ်တိုင်း ကျွန်တော်တက်ရောက်ဖို့ကိုအမြဲကြိုးစားနေမှာပါ။ ကျွန်တော် ရဲ့ ပထမဆုံးအတွေ့အကြုံဖြစ်ပါတယ်။ လာချင်တာတော့ ကြာပါပြီ ကျွန်တော် မသေဆုံးခင်ထိ နှစ်တိုင်းကျွန်တော်တက်ရောက်မယ်။ ဦးဆောင်တဲ့ စီနီယာ နောင်တော်ကြီးတွေနဲ့ အတူလက်တွဲပြီး ဒီပွဲလေးကို မဖြစ်မနေစဉ်ဆက်မပျက် လုပ်ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း ပြောကြားချင်ပါတယ်။

ဦးသက်ဦး ( တပ်မတော်သား မိသားစုဝင်)

            စစ်သည်သူရဲကောင်းတွေအားလုံးအတွက် နှစ်စဉ်ကျင်းပတိုင်း ဒီပွဲကို တက်ရောက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စစ်သည် ၊ ရဲဘော်တွေကို အောင်မြင်စွာနဲ့ကျွန်တော်တို့ တပ်ကို ပြန်လာတာကိုပဲ ကျွန်တော်တို့က မြင်ချင် ပါတယ်။ ကျွန်တော်တို့ စစ်သည်တွေ ရဲဘော်တွေအတွက် အမြဲတမ်း ဂုဏ်ယူ လျက်ရှိပါတယ်။ လက်ရှိ မြန်မာပြည်သူ ပြည်သားအားလုံးကလည်း စစ်သည်၊ ရဲဘော်တွေကို အမြဲတမ်း ဂုဏ်ယူဝင့်ကြွာပါစေလို့ ကျွန်တော်က ဆုမွန်ကောင်း တောင်းပါတယ်။

ဒေါ်ယဉ်မင်းမြင့်ဆွေ ( တပ်မတော်သား မိသားစုဝင် )

ဒီအခမ်းအနားကတော့ ကျဆုံးသွားတဲ့ စစ်သည်တွေကို လွမ်းစွက်သတိရ ခြင်း အထိမ်းအမှတ်ဖြစ်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူတာထက် စိတ်ထဲမှာ လွမ်းလွမ်းဆွေဆွေဖြစ်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ကျွန်မတို့ရင်ထဲမှာ ကိုယ့်ရဲ့ဆွေးမျိုးသားချင်း သွေးရင်းသားရင်း ညီကိုမောင်နှမတွေ အမိမြန်မာနိုင်ငံ ကိုကာကွယ်နေတဲ့ ဂုဏ်ယူထိုက်တဲ့ လေးစားထိုက်တဲ့ တပ်မတော်သားတွေ၊ ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုပွဲအခမ်းအနားဖြစ်တဲ့အတွက် ရင်ထဲမှာ ဝမ်းနည်း စိတ်မကောင်းလဲဖြစ်ရတယ်။ တပ်မတော်သားတွေကို လာပြီး ဂါရဝပြုကြတဲ့ ပြည်သူတွေအများကြီး တွေ့ရတဲ့အတွက် တပ်မတော်ကိုချစ်မြတ်နိုးတဲ့သူတွေ အများကြီးရှိနေတာကို တွေ့ရတော့ ဝမ်းသာမိပါတယ်။ တပ်မတော်မှာ ပြောနေ ကြစကား”ရဲသော်မသေ သေသော်ငရဲမလား” ဆိုတဲ့ သူတို့က လူသာသေသွား မယ်။ နာမည်မသေသွားဘူး ။ တိုင်းပြည်အတွက်အသက်ပေးသွားတဲ့ အသက်ကို စွန့်လွတ်သွားတဲ့ ရဲဘော်တွေ ၊ အရာရှိတွေ၊ တပ်မတော်သားတွေအားလုံး ဒီနေရာကနေပြီး အလေးပြုပါတယ်လို့ ပြောချင်ပါတယ်။