ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်း အကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်း အကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၄

 ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်း အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က  နိုင်ငံတော်၏ အဓိကစားနပ်ရိက္ခာ သီးနှံဖြစ်သည့် ဆန်စပါးစိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက်ရေး အတွက် နည်းလမ်းများစွာ  ကြိုးပမ်း ဆောင်ရွက်နေလျက် ရှိကြောင်း၊ သီးနှံများ၏ အထွက်နှုန်းတိုးတက်ခြင်း၊ ဈေးနှုန်းနှင့် ဈေးကွက်သေချာခြင်း၊ တောင်သူများ ဝင်ငွေပိုမိုရရှိစေခြင်းတို့ဖြင့် နိုင်ငံ့စီးပွား တိုးတက်မြင့်မားလာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်၊ အကျိုးတူ လယ်ယာစနစ် ဆောင်ရွက်သူနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပြည်ပဈေးကွက်များသို့ ပိုမိုချိတ်ဆက်ရရှိစေရန်၊ အကျိုးတူလယ်ယာ စနစ်တွင်ပါဝင်သည့် အစုအဖွဲ့တိုင်း အကျိုး အမြတ်ရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်သည့် စနစ်အပေါ်   အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အထွက်နှုန်း ကောင်းမွန်သည့်  စပါးများ စိုက်ပျိုးနိုင်ရေး၊ နွေစပါးစိုက်ပျိုးမည့် လျာထား စိုက်ပျိုးဧကများ ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေ လုံလောက်အောင်ရရှိရေးနှင့် စိုက်ပျိုးနည်းစနစ် အတတ်ပညာများ မျှဝေပေးရေးတို့ကို သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစီမံကိန်း ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အလေးထား ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းနှင့် ဆန်စပါးလုပ်ငန်းရှင်များက ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစိုက်ပျိုး ထုတ်လုပ်မည့် လုပ်ငန်းများ၊ ရေလှောင်တမံများ၏ ရေသိုလှောင်မှု အခြေအနေများနှင့် စိုက်ပျိုး ရေပေးဝေနိုင်မှု အခြေအနေများ၊ ရေရရှိရေး နည်းလမ်းများအလိုက် စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်များ၊  နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များ၊ စက်မှုလယ်ယာ ကိစ္စရပ်များနှင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက် များနှင့် စပ်လျဉ်း၍  လိုအပ်ချက်များကို ပြန်လည်ဖြည့်စွက် ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။