တစ်လတာကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေခံစားသောက်ကုန် ဈေးကွက် အခြေအနေ

တစ်လတာကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေခံစားသောက်ကုန် ဈေးကွက် အခြေအနေ

    ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့သို့ နိုဝင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၃ ရက် အထိ  တစ်လတာကာလအတွင်း   အခြေခံစားသောက်ကုန်များ  ပုံမှန်ထက် အနည်းငယ် ပိုမိုဝင်ရောက်ခဲ့သည့်အပြင်  စက်သုံးဆီဈေးနှုန်းနှင့်  သယ်ယူပို့ဆောင်ရေးစရိတ်  အနည်းငယ် ကျဆင်းလာသည့်အတွက် စားသောက်ကုန်တချို့သာ   ဈေးအနည်းငယ် မြင့်တက်ပြီး  အများစုမှာ  ဈေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။အဆိုပါ   တစ်လတာကာလအတွင်း ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည့်  အခြေခံ စားသောက်ကုန်များ၏   ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဆား

    ရန်ကုန်ဈေးကွက်၌    အိုင်အိုဒင်းဆား တစ်ထုပ်လျှင် ငွေကျပ် ၂၄၃ ကျပ်မှ ၂၅၀ အထိရှိပြီး  မော်လမြိုင်ဈေးကွက်၌လည်း  ဆားကြမ်းတစ်ပိဿာလျှင် ငွေကျပ်  ၂၄၃ ကျပ်မှ  ၂၅၀  အထိရှိကာ  ဈေးငြိမ်နေ ကြောင်း သိရသည်။

ကြက်သွန်နီနှင့် ကြက်သွန်ဖြူ

  ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင် ၌    ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ်  ၃၄၀၀  မှ  ၄၃၀၀  အထိရှိပြီး တစ်လတာကာလအတွင်း တစ်ပိဿာလျှင် ငွေကျပ် ၆၀၀မှ ၈၀၀ ဝန်းကျင်အထိလည်း ကောင်း၊ မြင်းခြံကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀ မှ ၄၅၀၀ အထိရှိပြီး တစ်လ တာကာလအတွင်း တစ်ပိဿာလျှင် ငွေကျပ် ၁၅၀ မှ ၅၀၀ အထိလည်းကောင်း ဈေးနှုန်း အသီးသီးမြင့်တက်ခဲ့သည်။

မော်လမြိုင်ဈေးကွက်၌ မုံရွာကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ မှ ၄၀၀၀ အထိရှိပြီး     တစ်လတာကာလအတွင်း တစ်ပိဿာလျှင် ငွေကျပ်  ၅၀၀ အထိလည်း ကောင်း၊  ဆိပ်ဖြူ၊  မလှိုင်နှင့်တောင်သာ ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀ အထိရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ အထိလည်းကောင်း     ဈေးနှုန်း အသီးသီး မြင့်တက်ခဲ့သည်။

ရန်ကုန်ဈေးကွက်၌  ကြက်သွန်ဖြူကြူ ကုတ်ရှယ်တစ်ပိဿာလျှင် ငွေကျပ် ၃၃၀၀ မှ  ၃၅၀၀  အထိရှိပြီး  တစ်လတာကာလ အတွင်း  တစ်ပိဿာလျှင်  ငွေကျပ်  ၃၀၀ မှ   ၄၀၀  ဝန်းကျင်အထိ လည်းကောင်း၊ အောင်ပန်းထူး (၂) မှ (၅) အထိ ကြက်သွန် ဖြူတစ်ပိဿာလျှင်  ငွေကျပ်  ၂၈၀၀ မှ ၃၉၀၀ အထိရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၂၀၀ ဝန်းကျင်အထိလည်းကောင်း ဈေးနှုန်း အသီးသီး ကျဆင်းခဲ့သည်။

မော်လမြိုင်ဈေးကွက်၌   ကြက်သွန်ဖြူ ကြူကုတ်ရှယ်  တစ်ပိဿာလျှင်  ငွေကျပ် ၃၅၀၀ အထိရှိပြီး တစ်လတာကာလအတွင်း တစ်ပိဿာလျှင် ငွေကျပ်  ၅၀၀ ဝန်းကျင် ကျဆင်းလာကာ  အောင်ပန်းထူး (၄)  နှင့် (၅) ကြက်သွန်ဖြူတစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀ မှ  ၄၂၀၀ အထိရှိပြီး   ဈေးနှုန်း အတက်အကျ နည်းပါး၍ ဈေးငြိမ်နေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဈေးကွက်သို့ နယ်စုံမှ  တစ်ရက်လျှင်  ပျမ်းမျှအားဖြင့်  ပိဿာချိန်  ၉၀၀၀  မှ ၁၅၀၀၀၀ ဝန်းကျင်အထိပါရှိသည့် ကြက်သွန်နီကားအစီးရေ ၁၅ စီးမှ ၂၅ စီးအတွင်း  ဝင်ရောက်ပြီး ပိဿာချိန် ၉၀၀၀ မှ ၁၅၀၀၀ အထိပါရှိသည့် ကြက်သွန်ဖြူအိတ်ရေ  ၃၀၀ မှ  ၅၀၀ ဝန်းကျင်အထိ  ဝင်ရောက်ကြောင်း  သိရသည်။

ငရုတ်

ရန်ကုန်ဈေးကွက်၌ မြှားနီ(ဟင်္သာတ) အမျိုးအစား ငရုတ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၁၀၀၀ ရှိပြီး  တစ်လတာကာလ အတွင်း တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ မှ ၁၀၀၀ ဝန်းကျင်အထိ အတက်အကျဖြစ် ပေါ်ခဲ့သည်။ ပန်းရဲ(သစ်)တစ်ပိဿာလျှင် ငွေကျပ်  ၂၁၀၀၀ ဖြင့်  ဈေးငြိမ်နေပြီး မိုးထောင်(ပျော်ဘွယ်)အမျိုးအစား ငရုတ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ မှ ၁၄၀၀၀ အထိနှင့် ရှမ်းငရုတ်တစ်ပိဿာ လျှင် ငွေကျပ် ၁၅၀၀၀ မှ ၁၆၀၀၀ အထိ ဈေးနှုန်းအသီးသီးရှိကာ တစ်လတာကာလ အတွင်း တစ်ပိဿာလျှင်  ငွေကျပ် ၂၀၀၀ မှ  ၂၅၀၀  အထိ  ဈေးနှုန်းများ ကျဆင်းခဲ့သည်။

မော်လမြိုင်ဈေးကွက်၌ ရှမ်းကျွန်းငရုတ် ခြောက်တစ်ပိဿာလျှင် ငွေကျပ် ၁၆၅၀၀ အထိနှင့် မိုးထောင်ငရုတ်အသစ်တစ်ပိဿာ လျှင် ငွေကျပ် ၁၃၅၀၀ အထိ ဈေးနှုန်းရှိ ကာ တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ အထိ ဈေးနှုန်းကျဆင်းခဲ့သည်။ပြည်ပဝယ်လိုအား   အနည်းငယ်ရှိပြီး ပြည်တွင်းဝယ်လိုအား ပုံမှန်ရှိသော်လည်း  ဈေးကွက်အတွင်း ငရုတ်အဝင်များသည့် အတွက် တစ်လတာကာလအတွင်း ဈေး နှုန်းအသီးသီး ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

အာလူး

    ရန်ကုန်ဈေးကွက်၌ အောင်ပန်း A1၊ အောင်ပန်း  OK၊  အောင်ပန်း S1 အမျိုး   အစားအာလူးများမှာ    တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀ ဝန်းကျင်ရှိကာ တစ်ပိဿာ လျှင် ငွေကျပ် ၃၀၀ မှ ၃၅၀ အထိလည်း ကောင်း၊ အောင်ပန်း S2 အာလူးတစ်ပိဿာ လျှင် ငွေကျပ် ၂၁၅၀ ရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၄၅၀ အထိ လည်းကောင်း ဈေးနှုန်း အသီးသီးမြင့်တက် လာကြောင်း သိရသည်။

သဲသောင်များ၌    စိုက်ပျိုးထားသည့် တရုတ်အာလူး(သဲသီး) တစ်ပိဿာလျှင် ငွေကျပ် ၂၁၅၀ ဝန်းကျင်ရှိကာ တစ်ပိဿာ လျှင်  ငွေကျပ် ၂၀၀  အထိ ဈေးနှုန်းမြင့်တက် နေသည့်အပြင် ယခုရက်ပိုင်းအတွင်း တရုတ်အာလူးအသစ်များ ဝင်ရောက်လျက်ရှိရာ တစ်ပိဿာလျှင် ငွေကျပ် ၁၅၅၀ အထိ  ဈေးနှုန်း ရရှိနေကြောင်း သိရသည်။

ဘုရင့်နောင်ဈေးကွက်သို့  နိုဝင်ဘာလ အတွင်း   ဒေသထွက် အာလူးများအပြင် တရုတ်အာလူးအများအပြားဝင်ရောက်ခဲ့ သည့်အတွက် ဈေးနှုန်း ကျဆင်းခဲ့ပြီးနောက် ယခုလကုန်ပိုင်းတွင် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတသောကြောင့် အာလူးတစ်ပိဿာဈေးနှုန်းများ      ပြန်လည်မြင့်တက်လာကြောင်း သိရသည်။ မော်လမြိုင်ဈေးကွက်၌ တရုတ်အာလူး တစ်ပိဿာလျှင် ငွေကျပ် ၁၉၀၀ ရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၃၀၀ ဝန်းကျင် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

 ထန်းလျက်၊ ကြံသကာနှင့် မန်ကျည်းသီး

    ရန်ကုန်ဈေးကွက်၌ ထန်းလျက်အသစ် ဈေးနှုန်းများ အနေဖြင့် တောင်သာ၊ မလှိုင် (ဒုံး)တစ်ပိဿာလျှင် ငွေကျပ် ၂၉၀၀ ရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၂၀၀ အထိလည်း ကောင်း၊ ညောင်ဦးဆေးရှယ်(ထန်း) တစ်ပိဿာလျှင် ငွေကျပ် ၃၃၀၀ အထိရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၃၀၀ အထိလည်း ကောင်း၊ ထန်းရော တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ အထိရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၂၅ ကျပ်အထိ လည်းကောင်း၊ ပခုက္ကူကြမ်း တစ်ပိဿာလျှင် ငွေကျပ် ၃၂၅၀၊ ရေစကြို ထန်းလျက်တစ်ပိဿာလျှင် ငွေကျပ် ၃၂၀၀ မှ   ၃၇၀၀  အထိရှိပြီး  တစ်ပိဿာလျှင် ငွေကျပ် ၁၅၀ မှ ၄၅၀ အထိလည်းကောင်း ဈေးနှုန်းအသီးသီး ကျဆင်းခဲ့သည်။

ကြံသကာတစ်ပိဿာလျှင်    ငွေကျပ် ၂၄၅၀  မှ  ၂၇၀၀ အထိရှိပြီး  တစ်ပိဿာ လျှင် ငွေကျပ် ၇၅ ကျပ်မှ ၂၇၅ ကျပ်အထိ ကျဆင်းနေသည်။ မန်ကျည်းသီးပွင့်ကပ် (သစ်) တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ မှ ၂၁၀၀ နှင့် မန်ကျည်းသီးအသား(သစ်) တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀ မှ ၃၉၀၀ အထိရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၁၀၀ ဝန်းကျင်အထိ ဈေးနှုန်းအသီးသီး ကျဆင်း နေကြောင်း သိရသည်။

ကြက်ဥ၊ ဘဲဥ

    မော်လမြိုင်ဈေးကွက်၌ ကြက်ဥ ၁၀ လုံး လျှင် ငွေကျပ် ၁၉၇၅ ကျပ်ဖြင့် ဈေးငြိမ်နေ ပြီး ဘဲဥ ၁၀ လုံးလျှင် ငွေကျပ်၂၁၁၀ အထိ ရှိကာ တစ်လတာကာလအတွင်း ငွေကျပ် ၅၀ ဝန်းကျင်အထိ ဈေးနှုန်း ကျဆင်းခဲ့သည်။

ရန်ကုန်ဈေးကွက်၌ ကြက်ဥလက်ကား ဈေးအနေဖြင့် တစ်လုံးလျှင် ငွေကျပ်  ၂၃၀  နှင့်လက်လီဈေးတစ်လုံးလျှင် ငွေကျပ် ၂၅၀၊ ဘဲဥတစ်လုံးလျှင်  ငွေကျပ်  ၃၀၀  အထိ ဈေးနှုန်းရှိကာ  ဈေးငြိမ်နေကြောင်း  သိရသည်။

လက်ရှိတွင်   အခြေခံ စားသောက်ကုန် တချို့သာ   ဈေးအနည်းငယ်မြင့်တက်ကာ အများစုမှာ ဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး လဆန်းပိုင်းဖြစ်သောကြောင့် လက်လီဈေး ကွက်၌  အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရသည်။    

နဒီ