အမေရိကန်က ယူကရိန်းအပေါ် စစ်ရေးထောက်ပံ့မှုရပ်ဆိုင်းရဖွယ်ရှိ

အမေရိကန်က ယူကရိန်းအပေါ် စစ်ရေးထောက်ပံ့မှုရပ်ဆိုင်းရဖွယ်ရှိ

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်အသုံးစရိတ်များဖြတ်တောက်ခံရဖွယ်ရှိသည့်အတွက် ယူကရိန်းအပေါ် စစ်ရေးအရထောက်ပံ့မှုကို ရပ်ဆိုင်းရဖွယ်ရှိနေကြောင်း Politico မဂ္ဂဇင်းက ဖော်ပြထားသည်။

အမေရိကန်ကွန်ဂရက်က အရန်ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းကို ဒီဇင်ဘာ ၁၆ ရက်တွင် အတည်ပြု ပေးရမည်ဖြစ်ပြီး လက်ရှိတွင် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တို့အနေဖြင့် တင်ပြလာသောလျာထား အသုံးစရိတ်များနှင့် ပတ်သက်၍ အချေအတင်ဆွေးနွေးနေဆဲဖြစ်သည်။

သို့သော် နောက်ဆုံးထွက်ပေါ်လာသည့် အဖြေမှာ ကာကွယ်ရေးဝန်ကြီးဌာနက တင်ပြတောင်းခံထားသည့် အသုံးစရိတ် များအနက် ဒေါ်လာ ၃၉ ဘီလီယံမှာ ဖြတ်ချခံရမည့်အခြေအနေရှိနေသည်။

အဆိုပါပမာဏသည် အမေရိကန်အစိုးရက ၂၀၂၃ ခုနှစ်အတွက်တင်ပြတောင်းခံထားသည့် အသုံးစရိတ်နှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

ထိုကဲ့သို့ အသုံးစရိတ်များဖြတ်တောက်ခံရခြင်းကြောင့် ပင်တဂွန်အနေဖြင့် အရေးကြီးစီမံကိန်းအချို့ကို ရပ်ဆိုင်းရမည်ဖြစ်ပြီး ထိုအထဲတွင် ယူကရိန်းသို့ စစ်ရေးအရ ထောက်ပံ့မှုများလည်း ပါဝင်နေသည်။

ယူကရိန်းအတွက် သတ်မှတ်ထားတဲ့ ထောက်ပံ့ငွေများက မကြာခင်ကုန်ဆုံးတော့ မှာဖြစ်တာကြောင့် သူတို့ဆီကို စစ်လက်နက်ပစ္စည်းများပေးပို့ရာမှာ ပြဿနာနဲ့ကြုံလာရနိုင်ပါတယ် ဟု ကာကွယ်ရေးဝန်ကြီးဌာနဘဏ္ဍာရေးမှူး မိုက်ကယ်မက်ကော့က ပြောထားသည်။

အလားတူ အသုံးစရိတ်ဖြတ်တောက်ခံရခြင်းက လက်ရှိတွင်  အမေရိကန်က ယူကရိန်းသို့ ထောက်ပံ့ပေးနေသည့် M777 ယာဉ်ဆွဲအမြောက်များကဲ့သို့ လက်နက်စနစ်အများအပြား၏ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ကာကွယ်ရေးအသုံးစရိတ်ဖြတ်တောက်ခံရခြင်းကြောင့် နှောင့်နှေးသွားနိုင်သည့် ကိစ္စရပ်များတွင် B-21 Raider တာဝေး ဗုံးကြဲလေယာဉ်နှင့်  ကိုလံဘီယာအမျိုးအစား နျူကလီးယားစွမ်းအင်သုံးအမြင့်ပျံ ဒုံးကျည်တင် ရေငုပ်သင်္ဘောများ ဝယ်ယူရေးလည်း ပါဝင်ကြောင်း Politico မဂ္ဂဇင်းက ဖော်ပြထားသည်။

အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံသို့ စစ်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေးအတွက် နောက်ထပ်အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၇ ဘီလီယံကို ကွန်ဂရက်ထံမှ တောင်းခံထားသည်။ကွန်ဂရက်အနေဖြင့် အဆိုပါ တောင်းခံမှုကို ခွင့်ပြုလိုက်ပါက တစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပင် အမေရိကန်က ယူကရိန်းသို့ ထောက်ပံ့ပေးမှုသည် ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်သွားမည်ဖြစ်ကြောင်း  သိရသည်။                           

Ref: RT