ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ကျင်းပသည့် (၁၀)ကြိမ်မြောက် ရုရှား တရားသူကြီးများ ညီလာခံသို့တက်ရောက်

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ကျင်းပသည့် (၁၀)ကြိမ်မြောက် ရုရှား တရားသူကြီးများ ညီလာခံသို့တက်ရောက်

နေပြည်တော်  ဒီဇင်ဘာ  ၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးများ ကောင်စီဥက္ကဋ္ဌ H.E. Mr. Victor Momotov တို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိကျင်းပသော “(၁၀)ကြိမ်မြောက် ရုရှားတရားသူကြီးများ ညီလာခံ” သို့ တက်ရောက် ဆွေးနွေးခဲ့သည်။

အဆိုပါညီလာခံသို့ အာမေးနီးယားသမ္မတနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ကျူးဘားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အီရန်နိုင်ငံ၊  ကာဇက်စတန်နိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ လွတ်လပ်သော ဓနသဟာယပြည်နယ်များ၊ ယူရေးရှမ်းစီးပွားရေးပြည်ထောင်စုနှင့် အက်ဘ်ခါဇီးယား သမ္မတနိုင်ငံတို့မှ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများနှင့်  ကော်မတီအတွင်းရေးမှူးချုပ်များလည်း တက်ရောက်ကြသည်။

ယင်းညီလာခံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Mr. Vladimir Putin တက်ရောက်အမှာစကား ပြောကြားသည်။

ထို့ပြင် အဆိုပါညီလာခံ၌ ရုရှားနိုင်ငံ၏ လက်ရှိတရားရုံးများစနစ်ကို သုံးသပ်အကဲဖြတ်ခြင်း၊ တိုးတက်မှုရှိမည့် အလားအလာများ ချမှတ်ခြင်းနှင့် ရုရှားနိုင်ငံ၌ ပိုမိုကောင်းမွန်သည့် တရားစီရင်မှု ဖြစ်ပေါ်လာရေးတို့နှင့် စပ်လျဉ်း၍ တရားစီရင်ရေးဆိုင်ရာ အဆိုပြုချက် များ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ်နှင့် ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့အကြား တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဥပဒေဆိုင်ရာကိစ္စရပ်များတွင် ဖြေရှင်း ဆောင်ရွက်မှု အတွေ့အကြုံများကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

(၁၀) ကြိမ်မြောက် ရုရှားတရားသူကြီးများညီလာခံသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့နှင့်အတူ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးလည်း တက်ရောက်ခဲ့သည်။

ရုရှားခရီးစဉ်အတွင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးများကောင်စီဥက္ကဋ္ဌ H.E. Mr. Victor Momotov နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။                  

  (သတင်းစဉ်)