ဝါးတန်းဆန် ကုန်စည်ဒိုင်သို့ ရွှေဘိုနှင့်ဧရာဝတီပေါ်ဆန်းဆန် အသစ်များ ဝင်ရောက်နေပြီး လက်လီဈေးကွက် အတွင်း  အရောင်းအဝယ်ကောင်းနေ

ဝါးတန်းဆန် ကုန်စည်ဒိုင်သို့ ရွှေဘိုနှင့်ဧရာဝတီပေါ်ဆန်းဆန် အသစ်များ ဝင်ရောက်နေပြီး လက်လီဈေးကွက် အတွင်း  အရောင်းအဝယ်ကောင်းနေ

    ရန်ကုန်မြို့ရှိ  ဝါးတန်းဆန်ကုန်စည်ဒိုင်သို့ ရွှေဘိုနှင့်ပေါ်ဆန်းဆန် အသစ်များ ဝင်ရောက်နေပြီး လက်လီဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း(ဝါးတန်းဆန်ကုန်စည်ဒိုင်) တွဲဖက်အတွင်းရေးမှူး  ဦးဇော်ခိုင်၏ ပြောပြချက်အရ  သိရသည်။

ဝါးတန်းဆန်ကုန်စည်ဒိုင်သို့  နိုဝင်ဘာလလယ်မှ ဆန်အသစ်များ စတင်ဝင်ရောက်နေပြီး ယခုရက်ပိုင်းအတွင်း စပါးများပိုမို ခြောက်လာသည့်အတွက်   ပေါ်ဆန်းဆန်တစ်အိတ်လျှင်  ငွေကျပ် ၁၀၀၀ မှ ၅၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းပိုမို ရရှိလာကြောင်း  သိရသည်။

“ပေါ်ဆန်းဆန်အသစ်တွေ    စပေါ်တဲ့ အချိန်မှာ  လက်လီရောင်းအားကောင်းပါတယ်။ စပေါ်ပြီးတော့   စပါးနည်းနည်း ပိုခြောက်လာတော့ ဈေးပိုရလာတယ်”ဟု ဦးဇော်ခိုင်က ပြောသည်။

လက်ရှိတွင်     ပေါ်ဆန်းစပါးဈေးမှာ တင်း ၁၀၀ လျှင် ငွေကျပ် ၁၅ သိန်းခွဲနှင့် ကျားပျံစပါးတင်း ၁၀၀ လျှင် ငွေကျပ် ၁၆ သိန်းခွဲအထိ  ဈေးနှုန်းရှိကာ  စပါးဈေးနှင့် ဆန်ဈေးညီမျှမှုမရှိ၍ စက်ပိုင်များမှာ တွက်ခြေကိုက်မှု နည်းပါးသော်လည်း ပုံမှန်ကြိတ်ခွဲနေကြောင်း သိရသည်။

လတ်တလောတွင်   ဝါးတန်းဆန်ကုန် စည်ဒိုင်သို့ ဒီဇင်ဘာ ၅ ရက်က ဆန်နှင့် ဆန်ကွဲအိတ်ရေ   ငါးသောင်းကျော်ဝင်ရောက်ပြီး ပြီးခဲ့သည့်ရက်များက အိတ်ရေ သုံးသောင်းဝန်းကျင် ဝင်ရောက်ခဲ့သည်။

ထို့ပြင်   ဝါးတန်းဆန်ကုန်စည်ဒိုင်သို့ လက်ရှိဝင်ရောက်နေသည့်  ဆန်များမှာ  ဆန်အသစ်များဖြစ်သည်။

ဒီဇင်ဘာ ၅ ရက်က ဝါးတန်း ဆန်ကုန်စည်ဒိုင်သို့   မြောင်းမြ၊ ကျိုက်လတ်၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့မှ ဝင်ရောက်သည့်   ပေါ်ဆန်းအမျိုးအစား ဆန်တစ်အိတ်လျှင်  ငွေကျပ် ၅၃၀၀၀ မှ ၅၅၀၀၀ အထိနှင့်    ဖျာပုံ၊  ဘိုကလေး၊ ကျိုက်လတ်၊  မော်လမြိုင်ကျွန်း  စသည့်မြို့နယ်များမှ ဝင်ရောက်သည့် ကျားပျံတစ်အိတ်လျှင်  ငွေကျပ် ၅၈၀၀၀ မှ ၆၂၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်အသစ် တစ်အိတ်လျှင် ငွေကျပ် ၆၈၀၀၀ မှ ၆၉၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းဆန်အဟောင်း    တစ်အိတ်လျှင် ငွေကျပ် ၉၀၀၀၀ မှ ၉၇၀၀၀ အထိ ဈေးနှုန်းအသီးသီး ရှိနေကြောင်း    သိရသည်။