မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ ပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ ပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်

မုန်တိုင်းငယ်အခြေအနေ

    ယနေ့မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါမုန်တိုင်းငယ်(Depression) သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင် ၄၈၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်တောင်ဘက် ရေမိုင် ၆၀၀ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ ဂျက်ဖ်နာမြို့(Jaffna)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၆၅ မိုင်ခန့်နှင့်  အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၅၂၅ မိုင်ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။မုန်တိုင်းငယ် (Depression)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

    အဆိုပါ မုန်တိုင်းငယ်(Depression) သည် မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန်တွင် မြောက်လတ္တီကျူ့ ၈ ဒသမ ၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျူ့ ၈၇ ဒသမ ၇ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့်ဖြစ်ပါသည်။

နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်

    အဆိုပါမုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ (၈.၁၂.၂၀၂၂)ရက်နေ့၌ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း (အိန္ဒိယနိုင်ငံ တမီးလ်နာဒူးမြောက်ပိုင်း ကမ်းလွန်-ပူဒူချယ်ရီနှင့် ယင်း နှင့် ဆက်စပ်လျက်ရှိသော အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းခြေ)သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

    အဆိုပါမုန်တိုင်းငယ် (Depression) ၏အရှိန်ကြောင့် ယနေ့ညမှ နောက်၇၂နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ  ၁၁ ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ  ၇ ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ မုန်တိုင်းငယ်(Depression) ၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။    

(မိုး/ဇလ)