ရန်ကုန်ဈေးကွက်သို့ မန္တလေးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်ရှိသည့် အရည်အသွေးကောင်း ဖရဲများ အဓိကဝင်ရောက်နေ

ရန်ကုန်ဈေးကွက်သို့ မန္တလေးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်ရှိသည့် အရည်အသွေးကောင်း ဖရဲများ အဓိကဝင်ရောက်နေ

ရန်ကုန်ဈေးကွက်သို့     မြန်မာနိုင်ငံအထက်ပိုင်းမှ အရည်အသွေးကောင်း ဖရဲများ  အဓိကဝင်ရောက်လျက်ရှိပြီး  ဈေးကောင်းရရှိနေကြောင်း ဖရဲစိုက်ပျိုးရောင်းချသူများ၏ ပြောဆိုချက်အရ သိရသည်။

ထိုသို့ဝင်ရောက်ရာတွင်  မန္တလေးတိုင်း ဒေသကြီးရှိ မိတ္ထီလာ၊ နွားထိုးကြီး၊ မြစ်သား၊မြင်းခြံမြို့နယ်နှင့်  ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်မှထွက်ရှိသည့် ဖရဲများဝင်ရောက်နေခြင်းဖြစ်ပြီး    တစ်တန်လျှင် ပျမ်းမျှအားဖြင့် ငွေကျပ် ၃၅ သိန်းမှ ၅၅သိန်းအထိ ဈေးနှုန်း ရရှိနေသည်။

မြန်မာ့ဖရဲကို   အဓိက တင်ပို့နေသည့် တရုတ်နိုင်ငံ၌ ဖရဲ၊ သခွားမွှေးရာသီ စတင်နေပြီဖြစ်သော်လည်း  ယခုနှစ်ရာသီချိန်တွင် ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် တင်ပို့ရန်    အခက်အခဲများ ရှိနေသည့်အတွက်  ရန်ကုန်ဈေးကွက်သို့ ဖရဲတင်ပို့မှု များပြားကြောင်း သိရသည်။

တရုတ်နိုင်ငံသို့တင်ပို့သည့် ဖရဲဈေးနှုန်းများမှာ စတင်တင်ပို့စဉ်ကထက်  လက်ရှိတွင် အနည်းငယ်ဈေးကောင်း လာကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံ၌ Zero COVID စီမံချက်ကို   ပြန်လည်  ရုပ်သိမ်းလိုက်ပြီ ဖြစ်သောကြောင့်  ဖရဲးကွက်  အလားအလာ ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း  မူဆယ်ဖရဲကုန်သည်များက    မျှော်မှန်းထားကြသည်။

ဒီဇင်ဘာ ၅ ရက်က မူဆယ်ဈေးကွက်၌ ဖရဲ 1kg လျှင် ၁ ဒသမ ၈ ယွမ်နှင့် ရွှေ သခွားမွှေး 1kg လျှင် ၃ ယွမ်မှ ၄ ယွမ်အထိ ဈေးနှုန်းရှိနေပြီး   ရန်ကုန်ဖရဲဈေးနှုန်းများမှာ အလုံးရေ ၁၀၀၀ ဆံ့ ကားတစ်စီးလျှင် ငွေကျပ် ၃၅ သိန်း၊ အလုံးရေ ၁၁၀၀ မှ ၁၂၀၀ ဆံ့ ကားတစ်စီးလျှင် ငွေကျပ် ၃၄ သိန်း၊ အလုံးရေ ၁၃၀၀ မှ ၁၄၀၀ ဆံ့ ကားတစ်စီးလျှင် ငွေကျပ် သိန်း ၃၀၊ ဒုံးကျည်သီး အမျိုးအစားများမှာ အလုံးရေ ၄၀၀၀ မှ ၄၅၀၀  ဆံ့ ကားတစ်စီးလျှင်  ငွေကျပ် ၅၅ သိန်းအထိ ဈေးနှုန်းအသီးသီး ရှိကြောင်း  သိရသည်။