၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မွေးမြူရေး ပုလဲများကို လျာထားချက်ထက် ကျော်လွန် ထုတ်လုပ်မည်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မွေးမြူရေး ပုလဲများကို လျာထားချက်ထက် ကျော်လွန် ထုတ်လုပ်မည်

ပြည်တွင်း၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မွေးမြူရေးပုလဲများကို လျာထား ချက်ထက်   ကျော်လွန် ထုတ်လုပ်မည်ဖြစ်ကြောင်း    မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း     အထွေထွေ မန်နေဂျာ ဦးမြင့်သူ၏ ပြောကြားချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ၌  စုစုပေါင်း ပုလဲအလေးချိန် ၆၉၉၅၀၀ မိုမီ ထုတ်လုပ်ရန် လျာထားပြီး ၂၀၂၂ ခုနှစ်  ဧပြီလမှ  အောက်တိုဘာလအထိ  ခုနစ်လတာ ကာလအတွင်း    စုစုပေါင်းပုလဲ ၇၉၂၂၉၈   လုံး   အလေးချိန်အားဖြင့် ၄၆၈၀၁၉ ဒသမ ၈၈ မိုမီ ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် လျာထားချက်၏ ၆၇ ရာခိုင် နှုန်းခန့် ထုတ်လုပ်နိုင်ခဲ့သည်။ ဆက်လက်၍  မွေးမြူရေး ပုလဲများကို ဖော်ယူထုတ် လုပ်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အကုန်တွင်    တစ်နှစ်လုံး လျာထားချက် ၁၀၀ ရာခိုင်နှုန်းထက် ကျော်လွန်ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ  ပုလဲမွေးမြူ ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို တနင်္သာရီတိုင်းဒေသ ကြီး မြိတ်ကျွန်းစုမှာ လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်ပါတယ်။  နိုင်ငံပိုင်နဲ့ ပြည်တွင်း၊ပြည်ပ ကုမ္ပဏီတွေရဲ့   ပုလဲထုတ်လုပ်ရေး စခန်းတွေမှာ  မုတ်ကောင်တွေကို  သားဖောက်ပြီး အရွယ်ရောက်တဲ့ အထိ မွေးမြူ တာတွေ၊  ဝတ်ဆံသွင်းပြီးတော့ နှစ်နှစ်လောက်အထိ ထိန်းသိမ်းစောင့်ရှောက်တာတွေ ပြုလုပ်ပြီး မွေးမြူရေးပုလဲတွေ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။  အခုဘဏ္ဍာနှစ်မှာတော့ လျာထားချက် ၁၀၀ ရာခိုင်နှုန်းထက် ကျော်လွန်အောင် ထုတ်လုပ်မှာဖြစ်ပါတယ်” ဟု ဦးမြင့်သူ ကပြောသည်။

ပုလဲမွေးမြူရာတွင် အရည်အသွေးမြင့် ပုလဲများ ထုတ်လုပ်နိုင်ရေး အတွက် သဘာ၀ ပတ်ဝန်းကျင်     သန့်ရှင်းကောင်းမွန်ရန် အလေးထား  ဆောင်ရွက်ရသောကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်ကြောင်း၊  ထို့ပြင် ပုလဲ မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများကို  လူ သားအရင်းအမြစ်၏ လုပ်အားဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး   စက်စွမ်းအားများကို များစွာအသုံးပြုရန် မလိုအပ်ခြင်းကြောင့်  အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သကဲ့သို့   စက်ပစ္စည်းများအတွက် ကုန်ကျစရိတ်လည်း သက်သာစေကြောင်း သိရသည်။

ပုလဲမွေးမြူခြင်းသည်  သဘာဝသယံ ဇာတအရင်းအမြစ်များကို တူးဖော်ထုတ်လုပ်ခြင်း မဟုတ်ဘဲ     သားဖောက်ခန်းအတွင်း မုတ်ကောင်များကို သားဖောက်၍ ထိုမုတ်ကောင်များကို   သဘာဝပင်လယ်ပြင်၌ မွေးမြူကာ  ပုလဲထုတ်လုပ်ခြင်းဖြစ် သည့်အတွက်  ပြန်လည်ပြည့်ဖြိုးမြဲ သယံဇာတကို  ထုတ်လုပ်ခြင်းဖြစ်ပြီး  အဆိုပါ သယံဇာတများမှ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ    ရှာဖွေပေးလျက် ရှိကြောင်း သိရသည်။