ပထမဆုံးအိမ်ရှင်အဖြစ် ကျင်းပမယ့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ-ဒေသတွင်း အဆင့်ပြိုင်ပွဲမှာ Winner ရရှိအောင် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာပါ”

ပထမဆုံးအိမ်ရှင်အဖြစ် ကျင်းပမယ့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ-ဒေသတွင်း အဆင့်ပြိုင်ပွဲမှာ Winner ရရှိအောင် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာပါ”

    မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်း ပဟေဠိ-ဒေသတွင်း အဆင့်ပြိုင်ပွဲ (10th ASEAN Quiz-Regional Levelူ) ကို ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

အာဆီယံဒေသတွင်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို အာဆီယံဒေသတွင်း နိုင်ငံများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတများကို အာဆီယံမျိုးဆက်သစ် လူငယ်များ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိနားလည် နိုင်စေရန်နှင့် အာဆီယံနိုင်ငံများအကြား မိတ်ဆွေအဖြစ် ဆက်ဆံရေးများ အပြန်အလှန် နားလည်မှုများ မြှင့်တင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အာဆီယံဒေသတွင်း နိုင်ငံများမှ  ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ချုပ်သူနည်းပြများနှင့် တာဝန်ရှိသူများကို တွေ့ဆုံ၍ ပြိုင်ပွဲအပေါ် ၎င်းတို့၏ ခံစားချက်အမြင်များနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်လာမှု အခြေအနေများကို မေးမြန်း တင်ပြလိုက်ရပါသည်-

ဦးဇေယျာ(ညွှန်ကြားရေးမှူး- အသံလွှင့်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား)

    အာဆီယံအသိုက်အဝန်း မဏ္ဍိုင်(၃) ရပ်ရှိပါတယ်။ ဒီမဏ္ဍိုင်(၃)ရပ်ရဲ့ ထူထောင်မှု လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့ အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို ကျွန် တော်တို့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ ကျင်းပရမှာဖြစ်ပါတယ်။ ဒီအတွက်ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အသက် ၁၅ နှစ် ကနေ ၁၈ နှစ် အတွင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဖိတ်ကြားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့  ၂၀၂၁ ခုနှစ်ကတည်းက ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့   ပေါင်းစပ်ပြီး ဆောင်ရွက်ပါတယ်။    မြန်မာနိုင်ငံကို လာရောက်ယှဉ်ပြိုင်နိုင်တဲ့ နိုင်ငံခြောက်နိုင်ငံနဲ့  အွန်လိုင်းကနေ ယှဉ်ပြိုင်မယ့်   နိုင်ငံလေးနိုင်ငံ ပေါင်းစပ်ပြီးဆောင်ရွက်မှာဖြစ် ပါတယ်။ ရောက်ရှိလာတဲ့ အာဆီယံနိုင်ငံတွေက ပြိုင်ပွဲဝင်တွေ အဆင်ပြေချောမွေ့စွာ ယှဉ်ပြိုင်နိုင်ဖို့    ဆောင်ရွက်ထားပါတယ်။ ဒီပြိုင်ပွဲကြီးကို တခြားနိုင်ငံတွေမှာ ကျင်းပခဲ့တဲ့နည်းတူ ခမ်းခမ်းနားနား ဝေဝေဆာဆာနဲ့ ကျင်းပသွားဖို့ ပြင်ဆင်ထားပါတယ်။

အခုပြိုင်ပွဲမှာ နိုင်ငံတစ်နိုင်ငံကို National level ပြိုင်ပွဲတွေကနေ အဆင့်ဆင့် ရွေးချယ်လာတဲ့ နိုင်ငံကိုယ်စားပြု သုံးဦးစီကို  မြန်မာနိုင်ငံကို ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ ဖိတ်ခေါ်တဲ့အခါမှာ မြန်မာနိုင်ငံကလည်း ပြိုင်ပွဲဝင်သုံးဦး ရွေးချယ်ထားတာ ရှိပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ရန်ကုန်မှာ နိုင်ငံတော်အဆင့်  National Level ပြိုင်ပွဲ အနေနဲ့ကျင်းပပြီး သုံးဦးရွေးချယ်ခဲ့ပါတယ်။

သူတို့သုံးဦးကို ဇွန်လကနေစပြီး နိုဝင်ဘာလကုန်အထိ      ဌာနဆိုင်ရာ အသီးသီးက အာဆီယံရေးရာ ကျွမ်းကျင်တဲ့သူတွေနဲ့ အာဆီယံဆိုင်ရာ      ဗဟုသုတတွေကို လေ့ကျင့်ပေးခဲ့ပါတယ်။ ပြိုင်ပွဲမှာ အသုံးပြုမယ့်  Quiz 360  Software ကိုလည်း လေ့ကျင့်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်မှာ   ကျင်းပခဲ့တဲ့   National    Level  ပြိုင်ပွဲရဲ့  Video  Clip     ကို Youtube မှာတင်ပြီး   ကျန်တဲ့နိုင်ငံအသီးသီးက   ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူတွေဆီကို ဖြန့်ဝေပေးခဲ့ပါတယ်။  ကွန်ပျူတာစနစ်ရဲ့   လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို ဒီနေ့မှာ မေးခွန်းဟောင်းတွေကို    ထည့်သွင်းပြီး အစမ်းလေ့ကျင့်မှာ ဖြစ်ပါတယ်။ မနက်ဖြန် ကျင်းပမယ့်ပြိုင်ပွဲမှာလည်း ဒီနေ့လေ့ကျင့်တဲ့ ကွန်ပျူတာစနစ်အတိုင်း ပြိုင်ပွဲဝင် သွားရမှာ ဖြစ်ပါတယ်။

Ms.Sky Broxlyne Roy Maxwill (မလေးရှားနိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)

    ဒသမအကြိမ်မြောက်   အာဆီယံ ဉာဏ်စမ်းပဟေဠိ - ဒေသတွင်း အဆင့်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မလေးရှား နိုင်ငံကနေ လာရောက်တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတစ်ဆင့်     အကောင်းဆုံး အတွေ့အကြုံတွေ ရယူသွားမှာဖြစ်ပါတယ်။   အခုလို လာရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် ဆောင်းပါးတွေ၊ ဗဟုသုတ အကြောင်းအရာတွေကို လေ့လာထားရပါတယ်။ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့လည်း    ပြင်ဆင်ထားပါတယ်။

Ms.Nabiela Syifa Zahira  (အင်ဒိုနီးရှားနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်)

    ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ကနေ လာရောက်တာဖြစ်ပါတယ်။ အရင်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေကိုကြည့်ပြီး လေ့ကျင့် တာပိုကောင်းပေမယ့်   သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် မေးခွန်းတွေမေးပြီး လေ့ကျင့်တာ ပိုကောင်းပါတယ်။ ပြိုင်ပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ တက်ကြွစွာ ပါဝင်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။

Ms.Ly Mary (ကမ္ဘောဒီးယားနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်)

    ကမ္ဘောဒီးယားနိုင်ငံကနေ လာရောက် ယှဉ်ပြိုင်တာဖြစ်ပါတယ်။ အတူပါဝင်ယှဉ်ပြိုင်မယ့် တခြားနိုင်ငံတွေက ကိုယ်စားပြုပြိုင်ပွဲဝင်တွေကိုလည်း တွေ့မြင်နေရပြီဆိုတော့ ပထမဆုံး အတွေ့အကြုံအနေနဲ့ စိတ်လှုပ်ရှားပြီး ပြိုင်ပွဲကိုလည်း စိတ်ဝင်စားနေပါပြီ။ ကျွန်မအနေနဲ့ အောင်မြင်မှုတွေရရှိအောင် အဖွဲ့ဝင်တွေနဲ့အတူတကွ အကောင်းဆုံး ကြိုးစားသွားမှာပါ။  ပြိုင်ပွဲမှာ အနိုင်ရဖို့အတွက်လည်း အလားအလာကောင်းတွေ ရှိတယ်လို့လည်း ထင်မြင်မိပါတယ်။

Ms.Do Bao Thuc Anh (ဗီယက်နမ်နိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်)

    ဗီယက်နမ်နိုင်ငံ ကိုယ်စားပြုပြီး အခုလို လာရောက်ယှဉ်ပြိုင်ရတဲ့အတွက် ဂုဏ်ယူ မိပါတယ်။ တခြားပြိုင်ပွဲဝင်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာဆီယံရဲ့မူဝါဒတွေနဲ့ ပတ်သက်ပြီးတော့လည်း လေ့လာရပါတယ်။ အာဆီယံ နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း အများကြီး လေ့လာခဲ့ရပါတယ်။

Ms.Sirilak Sengdara (လာအိုနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်)

    ဒီပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ တော်တော်လေး လုပ်ခဲ့ပါတယ်။   မြန်မာနိုင်ငံ အပါအဝင် တခြားနိုင်ငံက ပြိုင်ပွဲဝင် ကိုယ်စားလှယ်တွေ နဲ့အတူ အကောင်းဆုံးပါဝင် ယှဉ်ပြိုင်သွားမှာပါ။ တော်တော်လည်း စိတ်လှုပ်ရှားနေပါတယ်။ ဒါပေမဲ့လည်း အကောင်းဆုံး လုပ်နိုင်မယ်လို့မျှော်လင့်မိပါတယ်။   ကျွန်မအနေနဲ့ အဖွဲ့ဝင်တွေနဲ့အတူ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။

မောင်ဟိန်းလင်းထက် (မြန်မာနိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)   

    ကျွန်တော်တို့ အရင်နှစ်အောက်တိုဘာလကစပြီး ပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ လုပ်ပါတယ်။ သူငယ်ချင်း အချင်းချင်းလည်း ကိုယ်သိသမျှ တတ်သမျှ မှတ်ထားသမျှတွေကို ပြန်လည်မေးမြန်းပါတယ်။ ဒီအဆင့်ရောက်ဖို့ ကျွန်တော်တို့အနေနဲ့ တစ်ဆင့်ပြီး တစ်ဆင့် တက်လာတာဖြစ်ပါတယ်။ နိုင်ငံအဆင့် ရွေးချယ်ထားတဲ့ ကိုယ်စားပြုအနေနဲ့ အာဆီယံဌာန အသီးသီးက ဆရာမကြီးတွေနဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဆိုင်ရာတွေကို သီးသန့်လေ့ကျင့်ပေးပါတယ်။  ပြိုင်ပွဲကို  ဝင်ရောက်ယှဉ်ပြိုင် ရတော့မှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ပြိုင်ပွဲကြီးမှာ ကျွန်တော် တို့အနိုင်ရအောင်  ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်။

မောင်ပြည့်စုံချမ်းသာ (မြန်မာနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်)

    ပြိုင်ပွဲအတွက်   ကြိုတင်ပြင်ဆင်မှု တော်တော်လေး လုပ်ခဲ့ပါတယ်။ ဝန်ကြီးဌာန ပေါင်းစုံနဲ့ကဏ္ဍပေါင်းစုံက ဆရာမတွေက ကျွန်တော်တို့ကို အွန်လိုင်းကနေ စာသင်ပေးတာလည်း ရှိပါတယ်။ သူငယ်ချင်းတွေ စုပြီးလည်း   စာလုပ်ကြတယ်။ ပြိုင်ပွဲကိုဝင်ရောက် ယှဉ်ပြိုင်ရတဲ့အတွက် အတွေ့အကြုံအသစ်တွေ   ရရှိမှာဖြစ်ပါတယ်။ ဗဟုသုတတွေလည်း အများကြီးရရှိပါတယ်။ ဒီပြိုင်ပွဲက ကိုယ်တိုင်တင်မကဘဲ မြန်မာနိုင်ငံအတွက်ပါ  ဂုဏ်ဆောင်ရတဲ့ပြိုင်ပွဲဖြစ်တဲ့ အတွက် ဂုဏ်ယူဝမ်းသာ ပီတိဖြစ်မိပါတယ်။ ပြိုင်ပွဲကိုလည်း  နိုင်မယ်ဆိုတဲ့ ခံယူချက်နဲ့ ပြိုင်သွားမှာဖြစ်ပါတယ်။

မနှင်းပွင့်အောင် (မြန်မာနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်)

    အခုပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အများကြီး စိတ်လှုပ်ရှားပါတယ်။ ဒါပေမဲ့လည်း အရင်လောက်တော့ မကြောက်တော့ပါဘူး။ မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့အနေနဲ့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ပထမဆုံး အိမ်ရှင်အဖြစ် ကျင်းပမယ့် ဒသမအကြိမ် မြောက်   အာဆီယံဉာဏ်စမ်းမဟေဠိ ဒေသတွင်း အဆင့်ပြိုင်ပွဲမှာ  Winneရရှိအောင် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမှာပါ။

တွေ့ဆုံမေးမြန်း- အောင်ရဲသွင်၊ ဟိန်းမင်းစိုး