ချန်ပီယံလိဂ်မှ ထွက်ခဲ့ရသော်လည်း စီရော်နယ်ဒို အသင်း၌ဆက်ရှိမည်ဟု ဂျူဗင်တပ်စ် အသင်းပိုင်ရှင် ယုံကြည်

ဂျူဗင်တပ်စ်အသင်းသည် လိုင်ယွန်ကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ်တွင် အဝေးဂိုး စည်းမျဉ်းဖြင့် ပြိုင်ပွဲမှထွက်ခဲ့ရသည့်အတွက် ထိုပွဲတွင် နှစ်ဂိုးစလုံးသွင်းခဲ့သည့် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဂျူဗင်တပ်စ်မှ ထွက်ခွာရပြီး ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့သွားလိမ့်မည်ဟု သတင်းများထွက်ပေါ်လာသည်။ သို့သော် ဂျူဗင်တပ်စ်အသင်းပိုင်ရှင်  အန်ဒရီယာအက်ဂနယ်လီက ၎င်းအနေဖြင့် စီရော်နယ်ဒို ဂျူဗင်တပ်စ်တွင်   ဆက်ရှိသွားမည်ကို ရာနှုန်းပြည့် ယုံကြည်ကြောင်း ထုတ်ဖော်ပြောသည်။ စီရော်နယ်ဒိုနှင့် ပတ်သက်ပြီး အက်ဂနယ်လီက ''စီရော်နယ်ဒို ပီအက်စ်ဂျီမှာကစားဖို့ စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းက ဟိုးအရင် အင်တာဗျူး ခဲ့စဉ်က အကြောင်းတရားတွေကို အခြေခံပြီး လျှောက်ပြောတဲ့ သတင်းမျိုးပါ။ ကျွန်တော်ကတော့ သူအသင်းမှာ ဆက်ရှိမယ်လို့ ရာနှုန်းပြည့် ယုံကြည်တယ်။ အခု ကျွန်တော်တို့က ပြင်သစ်အသင်းဖြစ်တဲ့ လိုင်ယွန်နဲ့ကစားရ တာဖြစ်လို့ တခြားပြင်သစ်အသင်း တစ်သင်းကို စီရော်နယ်ဒို ပြောင်းရွှေ့ချင်နေပြီဆိုတဲ့ သတင်းမျိုးက ခေတ်ဟောင်းပြင်သစ် မီဒီယာတွေရဲ့ လုပ်ကွက်ပါပဲ။ ဂျူဗင်တပ်စ် အသင်းမှာ အနာဂတ် စီမံကိန်းကောင်းတွေ ရှိတဲ့အတွက် နောက်နှစ်ပြန်လာနိုင်မှာပါ''ဟု ပြောသည်။