တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာ၌ မိရိုးဖလာ အိုးလုပ်ငန်း လုပ်ကိုင်လျက်ရှိ

တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာ၌ မိရိုးဖလာ အိုးလုပ်ငန်း လုပ်ကိုင်လျက်ရှိ

    မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာ၌ မိရိုးဖလာ အိုးလုပ်ငန်းကို   ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

အိုးလုပ်ငန်းကို မိုးအကုန်ဖြစ်သည့် သီတင်းကျွတ်လတွင် စတင်လုပ်ကိုင်ကြပြီး တန်ခူးလ၊  ကဆုန်လအထိ လုပ်ကိုင်ကြကြောင်း၊ အိုးလုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်အနေဖြင့် ပထမဦးစွာ  ကြီးရိုးကြီးကွင်းမှ ရွှံ့များကိုသယ်ယူ၍ လိုအပ်သည့် အရွယ်အစားရရန်  ရွှံ့တုံးကို  ထုခြေပေးပြီး နေလှန်းရကြောင်း၊ လှည်းတစ်စီးစာ မြေကြီးဆိုလျှင်  သဲသုံးအိတ်ခန့်ရောရပြီး ရေစိမ်ကာ ရွှံ့နှပ်ခြင်း လုပ်ငန်းကို လုပ်ဆောင်ရကြောင်း၊  ထို့နောက်  ဂုံပြာခင်းကာ ရွှံ့ကို အစေးပေါက်အောင် ခြေထောက်ဖြင့်နင်းရကြောင်း၊ ထိုသို့ အဆင့်ဆင့်ဆောင်ရွက်ရပြီး အိုးထိန်းစက်ဖြင့် အိုးပုံဖော်ခြင်း၊ အိုးမော်ခြင်း၊ တစ်ဆင့်ပြန်ဖွခြင်း၊ ပန်းရိုက်ခြင်း လုပ်ငန်းတို့ကို  ဆောင်ရွက်ရကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပြီး အိုးများကို အရိပ်ထဲတွင် ၂ ညအိပ် ၃ ရက် ထားရပြီး နေပူတွင် ၃ ရက်ထုတ်လှန်းရကာ  နေလှန်းပြီးအိုးများကို  နွားလှည်းဖြင့် စနစ်တကျ တင်ဆောင်၍   မီးဖုတ်မည့်အိုးဖိုသို့ သယ်ယူရကြောင်း၊  အိုးဖိုမည့်နေရာတွင် ပထမဦးစွာ ထင်းစီခြင်း၊ ထင်းခွေခြင်းလုပ်ငန်းများ ဆောင်ရွက်ရပြီး ထိုထင်းများပေါ်တွင် မီးဖုတ်မည့်အိုးများကို စနစ်တကျခွေရကြောင်း၊ အိုးများစနစ်တကျ ခွေပြီးပါက အိုးဖိုပတ်လည် ထင်းစီခြင်းနှင့် ကောက်ရိုးများဖြင့် ဖုံးအုပ်ခြင်း ဆောင်ရွက်ရကြောင်း၊  အိုးမီးဖုတ်ရာတွင် သတ်မှတ်ထင်း အမျိုးအစား၊ အရွယ်အစားကိုသာ အသုံးပြုရပြီး မီးအပူချိန်ကိုလည်း ချိန်ဆတတ်ရန် လိုအပ်သလို   မီးအပူချိန် အချိန်အဆမှားယွင်းပါက အိုးများအားလုံး အဖတ်မတင် ဖြစ်တတ်ကြောင်းနှင့် အိုးမီးဖုတ်ရာတွင် တစ်ညအိပ် ဖုတ်ရကာ နောက်တစ်နေ့မနက်ရောက်လျှင် အိုးများဖော်ယူပြီး ဈေးကွက်ကို တင်ပို့ရောင်းချနိုင်ပြီဖြစ်ကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

အိုးလုပ်ငန်း၏ အဓိကကုန်ကြမ်းဖြစ်သည့် မြေကြီးကို ကြီးရိုးကြီးကန် အတွင်းမှ တူးဖော်ရယူကာ လှည်းတစ်စီးလျှင် ငွေကျပ်၄၀၀၀ ဖြင့် ဝယ်ယူရကြောင်းနှင့် ထင်းလှည်းတစ်စီးလျှင် ငွေကျပ် ၇၀၀၀ ဖြင့် ဝယ်ယူရကြောင်း၊   လှည်းတစ်စီးစာ  မြေကြီးကို ရွှံ့နှပ်ခြင်း၊ ရွှံ့နင်းခြင်းတို့ ဆောင်ရွက်ပြီး အိုးပြုလုပ်ပါက အိုးအလုံးရေ ၁၀၀ ကျော် ထွက်ရှိကာ အိုးမီးဖုတ်ရာတွင် တစ်ဖိုလျှင် အိုးအလုံးရေ ၂၀၀ ကျော် ဝင်ဆံ့ကြောင်း သိရသည်။

အဓိကပြုလုပ်သည့်အိုးများမှာ သောက်ရေအိုးဟုခေါ်သည့်  ရေထည့်အိုးဖြစ်ပြီး တစ်နေ့လျှင်  ၃၃  လုံး  ပြီးကြောင်း၊ သောက်ရေအိုးအပြင် ကောက်ညှင်းပေါင်းအိုး၊ မြေဟင်းအိုး၊ ရေတည်အိုးကြီး၊ ရွက်အိုးအလတ်၊ ကျောင်းသားထမ်းအိုး၊ ဘုရားသောက်တော်ရေအိုး၊ ထန်းရည်မြူအိုး၊ မုန့်ပျားသလက်အိုးများ အပြင်  သင်္ကြန်ကာလဆိုလျှင်  အတာအိုး၊  သီတင်းကျွတ် ကာလဆိုလျှင်   ဆီမီးခွက်များကိုပါ ဆောင်ရွက်ကြသည်။

ဈေးကွက်အနေဖြင့် သောက်ရေအိုး တစ်အိုးလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဖောက်သည်  ပြန်လည်ပေးသွင်းရကာ တောင်တွင်းကြီးမြို့နယ်အပြင်  မကွေး၊ မင်းဘူး၊ နတ်မောက်၊ မြို့သစ်၊ မလွန်၊ ကိုးပင်၊  မိချောင်းရဲ၊ ပြည်၊ အောင်လံစသည့်မြို့များအထိ  တင်ပို့နေရကြောင်း သိရသည်။