(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနရှိ တပ်ဖွဲ့/ဦးစီးဌာနများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက နေပြည်တော်၊ ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနရှိ တပ်ဖွဲ့/ဦးစီးဌာနများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက နေပြည်တော်၊ ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီး ဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ်ရှိ(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ဝန်ထမ်းအင်အား(၁,၅၀၀)ဦးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်း အင်အား(၁၀၀)ဦး၊ စုစုပေါင်းဝန်ထမ်းအင်အား (၁,၆၀၀)ဦးတို့က ဆေးရုံကြီးဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ခြင်း၊ ဆေးရုံအဆောက်အဦပေါ်ရှိ အမှိုက်များ၊ သစ်ရွက် ခြောက်များရှင်းလင်းခြင်း၊ အဆောက်အဦဘေးထိစပ်နေသော သစ်ကိုင်းများ၊ သစ်ပင်ကြီးများအား အမြင်တင့်တယ်စေရေး၊ လေဝင်/လေထွက်ကောင်းမွန်စေရေးနှင့် အလင်းပွင့်စေရေးအတွက် ခုတ်ထွင် ရှင်းလင်းခြင်း၊ ချုံနွယ် ပိတ်ပေါင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများ ဖော်ထုတ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သန့်ရှင်းရေး လုပ်အားပေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ် ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ တပ်ဖွဲ့/ဦးစီးဌာနများမှ အရာရှိကြီးများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးနှင့် ဆေးရုံတာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးကာ စုပေါင်းသန်းရှင်းရေး လုပ်အားပေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများကို ရေသန့်၊ ကော်ဖီနှင့် ဆီချက်ခေါက်ဆွဲတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲတွင် တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများနှင့်အတူ ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ပျော်ရွှင်စွာဖြင့် အတူတကွ စုပေါင်း သန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ပေးခဲ့ကြပြီး ထိုသို့ တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများ၏ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့မှုကြောင့် ဆေးရုံကြီးအတွင်း/အပြင် သန့်ရှင်းသပ်ရပ်မှုနှင့် လေဝင်/ လေထွက်ကောင်းမှု ရရှိခဲ့ပြီး သန့်ရှင်းရေးဆောင်ရွက်ပေးခဲ့မှုအပေါ် ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြု များနှင့် ကျန်းမာရေး ဝန်ထမ်းများက ဝမ်းမြောက်စွာဖြင့် ကျေးဇူးတင်ရှိလျက်ရှိကြောင်းနှင့်  ဆေးရုံ တက်ရောက်လျက်ရှိသော လူနာများမှာ ကျန်းမာရေးဝန်ထမ်းများ၏ အနီးကပ်ပြုစုစောင့်ရှောက်မှုဖြင့် စိတ်အေးချမ်းသာစွာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။