စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမားများက ဆားလင်းကြီးမြို့နယ်နှင့် ရေဦးမြို့နယ်တို့ရှိ ဌာနဆိုင်ရာ ရုံးများအတွင်း ဝင်ရောက်ကာ ဌာနပိုင်မော်တော်ယာဉ်များနှင့် ရုံးအသုံးအဆောင်ပစ္စည်းများအား ခြိမ်းခြောက်လုယက်ယူဆောင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမားများက ဆားလင်းကြီးမြို့နယ်နှင့် ရေဦးမြို့နယ်တို့ရှိ ဌာနဆိုင်ရာ ရုံးများအတွင်း ဝင်ရောက်ကာ ဌာနပိုင်မော်တော်ယာဉ်များနှင့် ရုံးအသုံးအဆောင်ပစ္စည်းများအား ခြိမ်းခြောက်လုယက်ယူဆောင်

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမားများက ဆားလင်းကြီး မြို့နယ်နှင့် ရေဦးမြို့နယ်တို့ရှိ ဌာနဆိုင်ရာရုံးများအတွင်း ဝင်ရောက်ကာ ဌာနပိုင်မော်တော်ယာဉ်များနှင့် ရုံးအသုံးအဆောင် ပစ္စည်းများအား ခြိမ်းခြောက်လုယက်ယူဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း  သိရသည်။

          ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၂ ရက် ည ၁၁ နာရီခွဲအချိန်တွင် ဆားလင်းကြီးမြို့နယ် စက်မှု လယ်ယာ ဦးစီးဌာန ရုံးဝင်းအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများ ဝင်ရောက်လာပြီး  ရုံးကားဂိုထောင်အတွင်း သိမ်းဆည်းထားသည့် ဌာနပိုင် New Holland 40HP အမျိုးအစား လယ်ထွန်စက် ၂ စီး၊ ၇ ပေရှိ Rotavator ၁ လက်၊ Toobox ၁ ခု၊ Air Compressor ၁ လုံး၊ ဒီဇယ် ၃၀၀ ဂါလံတို့အားလည်းကောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ် သမဝါယရုံးအတွင်းသို့ တံခါးများအား ဖျက်ဆီးဝင်ရောက်ကာ  ရုံးအတွင်းသိမ်းဆည်းထားသည့် CD-100 N အမျိုးအစား လက်တွန်းထွန်စက် ၁ စီး၊ RISO မိတ္တူကူးစက် ၁ လုံး၊ ရေမော်တာ ၁ လုံး၊ ပန်ကာ ၁ ခု၊ ဖိုင်ဘာခုံ ၁၀၀ လုံးအား လည်းကောင်း၊ အဆိုပါရုံးဝင်းအတွင်းရှိ “ရွှေပြည်လင်း” သမဝါယမအသင်း အရောင်းဆိုင်အတွင်းမှ Legal စက္ကူပုံး ၃ ပုံး၊ A4 စက္ကူပုံး ၃ ပုံးနှင့် ကျောင်းသုံး စာရေးကိရိယာမျိုးစုံ ခန့်မှန်းတန်ဖိုး ၅ သိန်းကျပ်ခန့်တို့အားလည်းကောင်း၊      အလားတူ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၆ နာရီ ၅ မိနစ်အချိန်တွင် ရေဦးမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ မျိုးသန့်ခြံဝင်းအတွင်း၌ ခြံအလုပ်သမားများဖြစ်သည့် ဦးမျိုးလွင်(၄၇)နှစ်နှင့် ဦးမောင်ထွန်း(ခ)ဝင်းမင်းထွန်း(၂၅)နှစ်တို့ ၂ ဦး ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်လာပြီး ၎င်းတို့ ၂ ဦးအား သေနတ်များဖြင့် ခြိမ်းခြောက်၍ မျိုးသန့်ခြံ၌ အသုံးပြုနေသည့် New Holland 50Hp အမျိုးအစား လယ်ထွန်စက်  ၁ စီးနှင့် ဦးမျိုးလွင်၏ လက်ကိုင်ဖုန်းတစ်လုံးတို့အား လုယက်ယူဆောင်ကာ ထွက်ခွာ သွားပြီး မျိုးသန့်ခြံ ဝင်ပေါက်၌ လက်လုပ်မိုင်း ၂ လုံးအား ဆိုင်ကယ်ဘတ္ထရီအိုး ၂ လုံးဖြင့် ချိတ်ဆက် ထောင်ထားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဌာနဆိုင်ရာရုံးများမှ ဌာနပိုင်မော်တော်ယာဉ်များနှင့် ရုံးအသုံးအဆောင်ပစ္စည်းများ လုယက် ယူဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။