စစ်တွေမြို့၊ ကစ္ဆပနဒီရပ်ကွက်ရှိ ထိုင်တော်မူ ရန်ပြေမာန်ပြေဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာင်္ဂလာပြုလုပ်

စစ်တွေမြို့၊ ကစ္ဆပနဒီရပ်ကွက်ရှိ ထိုင်တော်မူ ရန်ပြေမာန်ပြေဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာင်္ဂလာပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၅

      ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကစ္ဆပနဒီရပ်ကွက်ရှိ ထိုင်တော်မူ ရန်ပြေမာန်ပြေ ဘုရားကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုရား ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ ဓမ္မသုခဘုန်းတော်ကြီးကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တသောမ အမှူး ပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

     ဦးစွာ ဆရာတော်၊ သံဃာတော်များအား အမှူးပြု၍ ရေပေါ်သိမ်၌ သိက္ခာထပ် မင်္ဂလာကို ကျင်းပပြုလုပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။ ထို့နောက် ရခိုင်မင်္ဂလာစည်တော်ဝိုင်းမှ စည်တော်ယွန်း၍ တီးခတ်ပူဇော်ကာ ရခိုင်တေးသံရှင်များက ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာ အလင်္ကာများနှင့် ရတုတို့ဖြင့် သီဆိုပူဇော်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မသုခဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး သံဃာတော်အရှင်သူမြတ်များက ရန်ပြေမာန်ပြေ ထိုင်တော်မူဘုရားကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ကြကာ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန် ဆရာတော် ဘဒ္ဒန္တ ကုလရက္ခိတ က သံဃာတော်အရှင်သူမြတ် များသို့ ဩဝါဒကထာ ချီးမြှင့်ပေးတော်မူပါရန် လျောက်ထားသည်။ ၎င်းနောက် သံဃာတော်များကိုယ်စား ဓမ္မသုခဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်က ဩဝါဒကထာ ချီးမြှင့်တော်မူပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မသုခဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။