ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်၊ သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် - ၂၀

အခြားသတင်းများအရ ကရင်ပြည်နယ်၊    ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီး ၁ ဦးအား တပ်မတော် သားနှစ်ဦးက ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း၊ဇူလိုင်လ ၁၉ ရက်တွင် သတင်းရရှိခဲ့သည်။

အဆိုပါသတင်းသည် ပြည်သူလူထုနှင့် ပတ်သက်၍လည်းကောင်း၊ မိမိ လက်နက်ဖြင့် ပတ်သက်၍ ကြီးလေးသော ရာဇဝတ်ပြစ်မှုမျိုးဖြစ်သည့်အတွက်လည်းကောင်း သတင်း ရလျှင် ရချင်း သက်ဆိုင်ရာနယ်မြေသို့ တာဝန်ရှိသူအရာရှိနှင့်အဖွဲ့အား ဇူလိုင်လ ၁၉ ရက်တွင်ပင် ချက်ချင်းစုဖွဲ့စေလွှတ်ခဲ့ပြီး စုံစမ်းဖော်ထုတ်ခဲ့သည်။စိစစ်ဖော်ထုတ်ချက်အရ  ပိုလိုထကျေးရွာနှင့်၎င်းနယ်မြေတဝိုက်ရှိ တပ်စခန်းတစ်ခုမှ တပ်သားအဆင့်ရှိ သန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့ ၂ ဦးသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၆ ရက် နံနက်အစောပိုင်းတွင် စခန်းမှ ခွင့်ပြုချက်မရဘဲ လက်နက်ငယ် ၂ လက်နှင့်အတူ ပိုလိုထကျေးရွာသို့ ရောက်ရှိပြီး ရွာသား ၃ ဦးနှင့်အတူ ရွာတွင်းရှိ အရက်ပုန်းဆိုင်၌ အရက် အတူသောက်ခဲ့ကြကြောင်း၊ အရက်သောက်ပြီးနောက် ရွာသားများနှင့် လမ်းခွဲကာ ရွာမှ စခန်းသို့ ပြန်လာစဉ် အမူးလွန်သည့် စစ်သည် ၂ ဦးအနက် တပ်သား သန်းစိုးလွင်မှ အရက်ဆိုင်ရှင် အမျိုးသမီး ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအား မတော်မတရားရယူရန် ရည်ရွယ်ချက်ဖြင့် ရွာတွင်း အရက်ဆိုင်သို့ နေ့လယ်ပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ပြီး ဆွဲကြိုးအား လုယက်၍ ဆိုင်ရှင် အမျိုးသမီးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ၎င်းကိုင်ဆောင်သော သေနတ်မှ ကျည်ပေါက်ထွက်ပြီးနောက် ဆိုင်ရှင်အမျိုးသမီး၏ ဦးခေါင်းနောက်ပိုင်းနှင့် နောက်ကျောနေရာအား ကျည်ထိမှန်လျက် နေရာတွင်ပင် လဲကျသေဆုံးခဲ့ကြောင်း၊ ယင်းနောက် အဆိုပါစစ်သည် ၂ ဦးမှာ ကြောက်လန့်၍ ရွာနှင့်စခန်းကြား တောတွင်းသို့ ထွက်ပြေးပုန်းရှောင်ရာမှ ဇူလိုင်လ ၁၇ ရက်တွင် စခန်းရှိရာသို့ ပြန်လည်အဖမ်းခံခဲ့ကြောင်း ပဏာမစုံစမ်းတွေ့ရှိခဲ့ရသည်။ ပဏာမစုံစမ်းဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်ခဲ့ကြောင်းဝန်ခံသည့် တရားခံ စစ်သည် ၂ ဦးအား ဘီးလင်းတပ်နယ် စစ်ဘက်အချုပ်၌ ချုပ်နှောင်ထားရှိပြီး စစ်စည်းကမ်းအရ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရန်အတွက် ပွင့်လင်းမြင်သာစွာ အမြန်ဆုံးစစ်ဆေး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။တရားခံစစ်သည် ၂ ဦး ထွက်ပြေး၊ ပျောက်ဆုံးနေခြင်းနှင့် မှုခင်းဖြစ်စဉ်အား သက်ဆိုင်ရာ အထက်ဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းမပို့ခဲ့သည့် စခန်းမှ တာဝန်ရှိသူများကိုလည်း စစ်တရားရုံး၏ စစ်ဆေးတွေ့ရှိချက်အတိုင်း စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမည် ဖြစ်သည်။

တပ်မတော်သားများအနေဖြင့် မိမိကိုင်ဆောင်သည့် လက်နက်အား ရန်သူနှင့် နှစ်ဖက် ထိတွေ့တိုက်ခိုက်ချိန်မှလွဲ၍  ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခြား သူတစ်ဦး ဦးအား ထိခိုက်ဒဏ်ရာ ရရှိစေခြင်း၊ အသက်အန္တရာယ် ဖြစ်စေခြင်းမျိုးကို ဥပဒေအရ တင်းကြပ်စွာ တားမြစ်ထားပြီးဖြစ်သည့်အပြင် လုံးဝသည်းခံ ခွင့်လွှတ်ခဲ့ခြင်းလည်း မရှိသည့်အစဉ်အလာအတိုင်း ကျူးလွန်သူ စစ်သည်များနှင့် တာဝန်ရှိသူများကို ထိရောက်ပြင်းထန်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။