စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၅)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၅)

 အမှတ်စဉ် (၅)

မော်သာထွေး(မန္တလေး)

အမေရိကန်ဟာ သူများနိုင်ငံတွေကို ဈေးအလွန်ချပြီး ထုတ်ရောင်းနေပေမယ့် သူ့နိုင်ငံထဲမှာတော့ သဘာဝဓာတ်ငွေ့ကို စွမ်းအင်ကဏ္ဍ တစ်ခုလုံးရဲ့ ၃၃ ရာခိုင်နှုန်းထက် ပိုပြီးမသုံးပါဘူး။ ၂၀၁၄ ခုနှစ်မှာ သူ့တစ်နိုင်ငံလုံးကို ဓာတ်အားပေးတဲ့ ဓာတ်အားစနစ်ထဲမှာလည်း ဓာတ်ငွေ့ကို ၂၂ ရာခိုင်နှုန်းထက် ပိုပြီးမသုံးပါဘူး။ အမေရိကန်ရဲ့ ဓာတ်အားပေးစက်ရုံတွေရဲ့ ထုတ်လုပ်မှုမှာလည်း ကျောက်မီးသွေးက ၄၁ ရာခိုင်နှုန်း၊ ရေနံက ၄ ရာခိုင်နှုန်း၊ နျူကလီးယားက ၁၁ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်က ၁၆ ရာခိုင်နှုန်း၊ လေအားက ၃ ရာခိုင်နှုန်း၊    နေအားက ၁ ရာခိုင်နှုန်း၊ ဇီဝစွမ်းအင်က ၂ ရာခိုင်နှုန်းအသီးသီးနဲ့ ဓာတ်အားပေးနေတာပါ။ ဈေးသက်သာလို့ ကိုယ့်နိုင်ငံက ထွက်လို့ဆိုပြီး လျှပ်စစ်ထုတ်တဲ့နေရာမှာ သဘာဝဓာတ်ငွေ့ကို ဇွတ်မီးမရှို့ပါဘူး။   ဘက်စုံချင့်ချိန်ပြီးလုပ်နေတာကို  မြင်နေရပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်းလိုလို ဒီလိုပဲကျင့်သုံးပါတယ်။ သဘာဝဓာတ်ငွေ့အကြောင်းပြောရင် LNG အကြောင်းက မပြောမဖြစ်တဲ့ အတွက် ပြောပါဦးမယ်။

LNG ဆိုတာဘာလဲ

နိုင်ငံတော်တော်များများမှာ သဘာဝဓာတ်ငွေ့မထွက်တာ၊ ထွက်ပေမယ့် မလုံလောက်တာစတာတွေကို ဖြေရှင်းတဲ့အခါမှာ LNG ကို ပြည်ပကနေ တင်သွင်းလာပြီး သုံးကြပါတယ်။ ကိုယ့်နိုင်ငံထဲကဓာတ်ငွေ့ကို ကိုယ်သုံးတာမျိုး၊ အိမ်နီးချင်းနိုင်ငံတွေ အချင်းချင်း ဓာတ်ငွေ့ ဝယ်/ရောင်း လုပ်တာမျိုးကိုတော့ ပိုက်လိုင်းသွယ်ပြီးတော့ပဲသုံးပါတယ်။ ဒါပေမဲ့ ရေမြေခြားဖြစ်နေပြီး ဓာတ်ငွေ့ကို ပိုက်လိုင်းနဲ့ သွယ်လို့မရသူတွေကတော့ LNG အဖြစ် အသွင်ပြောင်းသယ်သွားပြီး မိမိသုံးမယ့်နေရာရောက်မှ ဓာတ်ငွေ့အဖြစ် (Regasification) ပြန်ပြောင်းပြီးသုံးကြရပါတယ်။

ဓာတ်ငွေ့ကို LNG ပြောင်းတဲ့ လုပ်ငန်းစဉ်မှာ ဓာတ်ငွေ့ထဲမှာပါတဲ့ အမှုန်အမွှား၊ ရွှံ့၊ ရေ၊ ကာဗွန်ဒိုင်အောက်ဆိုက် (Co2)၊ ဟိုက်ဒရိုဂျင်ဆာလဖိတ် (H2S)၊ မာကျူရီ (Mercury) အစရှိတာတွေကို သန့်စင်တဲ့လုပ်ငန်းလည်း ပါပါတယ်။ အပူချိန်ကို (-) ၁၆၂ ဒီဂရီစင်တီဂရိတ်ထိလျှော့ချပြီး သယ်ယူမယ့်ရေယာဉ်မှာပါတဲ့ လှောင်ကန်ထဲမှာ တစ်လက်မပတ်လည်ကို ၄ ပေါင်နှုန်း (Four PSI) နဲ့ ဖိအားပေးပြီး သယ်ဆောင်လာတာပါပဲ။ ဒီလိုလုပ်လိုက်ခြင်းဖြင့် ဓာတ်ငွေ့ဟာ အဆ ၆၀၀ လောက်ထိ ကျုံ့သွားတဲ့အတွက် ဝန်ကျဉ်းသွားပါတယ်။

ပင်လယ်ပြင်တွေမှာသယ်ယူတဲ့အခါ အထူးပြုလုပ်ထားတဲ့ Cryogenic Sea Vessel (LNG Tanker) နဲ့ သယ်ရတာပါ။ လုပ်ငန်းစဉ် အစအဖြစ် သဘာဝဓာတ်ငွေ့ကို အရည်ဖြစ်အောင် လုပ်ပေးလိုက်တာကတော့ ကုန်းပေါ်မှာ လုပ်ပေးလိုက်တာပါပဲ။ ဒါကိုရေယာဉ်နဲ့ သယ်လာပြီး လိုချင်တဲ့ ဆိပ်ကမ်းရောက်တော့ အထူးပြုလုပ်ထားတဲ့ ပိုက်လိုင်းနဲ့ ကမ်းပေါ်ကို ချပါတယ်။  ကမ်းပေါ်မှာဓာတ်ငွေ့အဖြစ်    ပြန်ပြောင်းပေးမယ့် စက်ရုံ (Regasification Unit) ဆီကိုပို့ပြီး အဲ့ဒီစက်ရုံကနေ သဘာဝဓာတ်ငွေ့အဖြစ် ပြန်ပြောင်း ပေးတယ်။ ဓာတ်ငွေ့ဖြစ်သွားပြီဆိုမှ လိုချင်တဲ့နေရာကို ပိုက်လိုင်းနဲ့ပို့ပြီးသုံးပါတယ်။

နောက်တစ်နည်းကတော့ ကမ်းပေါ်မှာ Regasification Unit ကို မတည်ဆောက်ဘဲ သင်္ဘောတစ်စင်းပေါ်မှာ ဒီ Unit ကို တည်ဆောက်ထားပြီး ပင်လယ်ရေလမ်းနဲ့သယ်လာတဲ့ LNG ကို ဓာတ်ငွေ့အဖြစ်ပြောင်းပြီး ကမ်းပေါ်ကိုချပေးတဲ့ နည်းလမ်းသုံးနိုင် ပါတယ်။ ဒီလိုလုပ်ပေးတဲ့သင်္ဘောကို Floating Storage Regasification Unit-FSRU လို့ ခေါ်ကြပါတယ်။

FSRU မှာ အတော်အသင့် LNG ကို သိုလှောင်ထားလို့ရတဲ့ သိုလှောင်ကန်တွေပါလာပါတယ်။ ဒါမှလည်း သဘာဝဓာတ်ငွေ့ကို ဒီသင်္ဘောက အဆက်မပြတ်ကမ်းပေါ်ကိုချပေးလို့ရမှာပါ။ သူ့နောက်က ထောက်ပံ့မယ့် LNG Tanker တွေကတော့ အချိန်မီ LNG လာရောက်ဖြည့်ဆည်းပေးဖို့ လိုပါတယ်။

အပြန်အလှန်သဘောတူစာချုပ်များ

ဒီလုပ်ငန်းစဉ်မှာ LNG ရောင်းချသူ၊ LNG သယ်သူ၊ LNG မှ ဓာတ်ငွေ့ပြန်ပြောင်းသူ၊ ပိုက်လိုင်းပိုင်သူ၊ ဓာတ်ငွေ့ကိုသုံးမည့်သူ စသည်ဖြင့် ချိတ်ဆက်နေရာမှာ ဖောက်ဖျက်သူက လျော်ရမယ့်တာဝန်ပါတဲ့ စာချုပ်တွေ တသီကြီးချုပ်ရမှာပါ။ စနစ်တကျမရှိတဲ့ အစီအမံနဲ့ဝင်ပြီး ပါဝင်ဆောင်ရွက်လိုက်ရင်တော့ လျော်ရမယ့်ပမာဏကမသေးပါဘူး။

၁။         LNG ရောင်းချမည့် ပြည်ပကုမ္ပဏီ

            ၂။         LNG သယ်ပို့မည့် ကုမ္ပဏီ

            ၃။         FSRU သုံးပြီး Regasification ပြုလုပ်ပေးမည့် ကုမ္ပဏီ

            ၄။         ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ

            ၅။         ဓာတ်ငွေ့ဝယ်ယူသူကုမ္ပဏီ

            ၆။         ဓာတ်ငွေ့သုံးပြီးရလာမည့်ထုတ်ကုန်ကို ဝယ်မည့်ကုမ္ပဏီ

                        (လျှပ်စစ်ထုတ်ပါက လျှပ်စစ်ဝယ်မည့် ကုမ္ပဏီ/အဖွဲ့အစည်း) စတဲ့ လုပ်ငန်းအဆင့် ၆ ဆင့်စလုံးဟာ အရင်းအနှီး ကြီးပြီး အတတ်ပညာမြင့်မားတဲ့အတွက် မိမိတို့လိုနိုင်ငံငယ်တွေဟာ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဓာတ်ငွေ့ကိုသုံးပြီး ရလာမယ့် ထုတ်ကုန်ပစ္စည်းကို အသုံးပြုတဲ့ အဆင့်ကလွဲလို့ ကျန်တဲ့အဆင့်မှာ နိုင်ငံတော်ကဖြစ်စေ၊ တိုင်းရင်းသားကုမ္ပဏီကသပ်သပ်ဖြစ်စေ ဝင်ရောက်လုပ်ကိုင်ဖို့ဆိုတာ အလှမ်းဝေးနေဦးမှာပါ။

ဒီတော့ ကျန်တဲ့လုပ်ငန်းစဉ် ၅ ဆင့်ကို နိုင်ငံခြားသားလက်ထဲ အပ်လိုက်ကြရမှာပါပဲ။ စွမ်းအင်လုံခြုံမှုပိုင်းမှာ သတိထားရမယ့်ကိစ္စပါပဲ။ ကုန်းပေါ်မှာဓာတ်ငွေ့ကိုသုံးပြီး ကုန်ထုတ်တာပဲဖြစ်ဖြစ်၊ လျှပ်စစ်ထုတ်တာပဲဖြစ်ဖြစ် ပိုက်လိုင်းသွယ်တဲ့လုပ်ငန်းမှာ ရှယ်ယာ အနည်းငယ် ဝင်ယူတာမျိုးလောက်သာ မိမိတို့နိုင်ငံသားတွေလုပ်နိုင်မှာပါ။ ပြည်ပသွင်းကုန်ပေါ်မှာ အခွန်အကောက်တော့ နိုင်ငံက ရမှာပေါ့။ ဒါတွေကိုလည်း လာပြီးရင်းတဲ့သူက ပြည်သူတွေသုံးတဲ့ ဓာတ်အားခပေါ်က ပြန်ပြီးရှာသွားမှာပါ။

ကမ်းလွန်ဓာတ်ငွေ့ကို အစားထိုးမယ့် LNG

မြန်မာနိုင်ငံကထွက်တဲ့ တနင်္သာရီကမ်းလွန်က ဓာတ်ငွေ့သိုက်တွေဟာ စာချုပ်သက်တမ်း ထက်ဝက်ကျော်ကတည်းက ဓာတ်ငွေ့ ထွက်နှုန်းသိသိသာသာ ကျဆင်းတာကြောင့် ဓာတ်ငွေ့ဝယ်နေတဲ့ ပြည်ပနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်အကျပ်အတည်းကို ကြီးမားစွာ ဖြစ်စေလျက်ရှိပါတယ်။ ဒါကိုဖြေရှင်းဖို့ဆိုတာကလည်း မြန်မာ့ကမ်းလွန်က တူးဖော်ရှာဖွေနေဆဲ ဓာတ်ငွေ့သိုက်တွေက ရမယ့် အချိန်ထိ စောင့်လို့လည်းမဖြစ်ပါဘူး။ မြန်မာ့ကမ်းလွန်က တူးဖော်မှုကန်ထရိုက်ရထားတဲ့ ကုမ္ပဏီတွေကလည်း ဓာတ်ငွေ့ဈေးကျ နေတာကြောင့် အလောသုံးဆယ်ထုတ်ဖို့လည်း ကြိုးစားမှာမဟုတ်ကြပါဘူး။ ကမ္ဘာ့ဓာတ်ငွေ့ဈေးအတက်ကိုစောင့်ပြီး ပညာသားပါပါ လုပ်ကိုင်ခွင့်သက်တမ်းတွေတိုးပြီး စာချုပ်ပြင်ဆင်ချုပ်ဖို့ တာစူနေကြမှာပါပဲ။ ဒါဆိုရင် ဓာတ်ငွေ့ဝယ်သုံးနေရတဲ့ တစ်ဖက်နိုင်ငံက ဘာဆက်လုပ်ရမလဲ။ လွယ်ပါတယ်။ မြန်မာ့ဓာတ်ငွေ့ဝယ်တဲ့စာချုပ်ကလည်း သက်တမ်းကျန်သေးတယ်။ ပိုက်လိုင်း သက်တမ်း ကလည်း ကျန်နေသေးတယ်ဆိုရင် ကုမ္ပဏီတစ်ခုခုနဲ့ချိတ်ဆက်ပြီး LNG တင်သွင်းမယ်။ ပြီးရင် ကမ်းပေါ်မှာ Regasification Unit မတည်ဘဲ ရေထဲမှာပဲ FSRU ငှားပြီး သဘာဝဓာတ်ငွေ့ပြောင်းပြီး သူ့ပိုက်လိုင်းထဲသူထည့်သယ်သွားတဲ့နည်းဟာ သူ့အတွက် ထွက်ပေါက် ဖြစ်မှာပါ။

ဆက်လက်ဖော်ပြပါမည်။