စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၆)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၆)

အမှတ်စဉ် (၆)

ကမ္ဘာ့ LNG အရောင်းဆုံးနိုင်ငံများ

    စွမ်းအင်လုံခြုံမှုရှုထောင့်ကို သုံးသပ်နိုင်ဖို့ ကမ္ဘာမှာ ဘယ်နိုင်ငံတွေက LNG အများဆုံး တင်ပို့ရောင်းချနေကြသလဲ၊ သူတို့ကရော ဓာတ်ငွေ့ ဘယ်လောက်များများ ပိုင်ထားလို့လဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ LNG အများဆုံး တင်ပို့နေတဲ့နိုင်ငံများကတော့ ဇယားပါအတိုင်း တွေ့ရမှာပါ။

ပုံ(၁)

စိတ်ဝင်စားစရာ LNG တင်ပို့နိုင်ငံအချို့

          LNG ရောင်းမှတော့   ကိုယ်ပိုင်ဓာတ်ငွေ့သိုက် ကြွယ်ဝဖို့လိုတာပေါ့။ အခုသတိထားကြည့်တော့   ကမ္ဘာ့ LNG  အရောင်းဆုံး နိုင်ငံအချို့ဟာ ရှေ့မှာဖော်ပြခဲ့တဲ့ ကမ္ဘာ့ဓာတ်ငွေ့သိုက် ပိုင်ဆိုင်မှုအဆင့် ၂၅ ထဲမှာတောင် မရှိတဲ့နိုင်ငံတွေက  ကိုယ့်ဓာတ်ငွေ့ကို ကိုယ်လျှော့သုံးပြီး သူများကို LNG လုပ်ပြီးရောင်းနေတာတွေ့ရတယ်။ ဒီနိုင်ငံတွေကတော့ မလေးရှား၊ ထရီနီဒက်နှင့် အိုမန် စတဲ့နိုင်ငံတွေဖြစ်ပါတယ်။

          ဒါ့အပြင် ဘရူနိုင်းနဲ့  သြစတြေးလျတို့ကလည်း ဓာတ်ငွေ့ကြွယ်ဝမှု ကမ္ဘာ့အဆင့် နံပါတ်(၁၀)ထဲမှာတောင် မရှိကြပေမယ့် LNG ရောင်းတဲ့ နေရာမှာတော့ ကမ္ဘာ့နံပါတ်(၃)နှင့် နံပါတ်(၁၀)မှာ ရောက်နေတာလည်း စိတ်ဝင်စားစရာပါပဲ။ မိမိစိတ်အဝင်စားဆုံး သုံးနိုင်ငံကတော့ မလေးရှား၊ ဘရူနိုင်းနဲ့ သြစတြေးလျပါပဲ။

          ဒါဆိုရင် ဒီသုံးနိုင်ငံက ဘာ့ကြောင့် ရောင်းနေကြတာလဲ။ အဖြေရှိပါတယ်။ ဘရူနိုင်းက နိုင်ငံလေးက သေးသေးလေး၊ ဦးရေက လည်းနည်း၊ နိုင်ငံရဲ့ဓာတ်ငွေ့သိုက်၊ ရေနံသိုက်က နိုင်ငံနဲ့မမျှအောင် ကြွယ်ဝနေလို့ ရောင်းတာ။ သူ့နိုင်ငံထဲမှာလည်း အားလုံးနီးပါး ဓာတ်ငွေ့နဲ့ဓာတ်အားပေးထားတာ။ ဒါပေမဲ့ သူလည်းအခု ဓာတ်ငွေ့သုံးတာ လျှော့ပြီး ကပ်လျက် ဆာရာဝပ်ပြည်နယ် (မလေးရှားနိုင်ငံ) ကနေ ဈေးသက်သာတဲ့  4 -UScent/KWh ခန့်နဲ့ ရေအားက ထုတ်တဲ့ဓာတ်အားကို ဝယ်သုံးနေပါပြီ။ ဓာတ်ငွေ့သုံး လျှော့ချနေပါပြီ။ မလေးရှားကလည်း လက်ရှိသူ့နိုင်ငံမှာ ဓာတ်ငွေ့နဲ့အပြိုင် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံတွေပါ တည်ပြီး ဓာတ်အားပေးနေတာပါ။ နောက်ပိုင်း  လျှပ်စစ်အကြောင်းပြောရင် အသေးစိတ်ပြောပါ့မယ်။ နောင်မှာလည်း လာအိုကထွက်တဲ့ ဓာတ်အားကို ထိုင်းနိုင်ငံကို ဖြတ်သန်းခပေးပြီး ဝယ်ယူသုံးဖို့ မလေးရှားက စီစဉ်ထားတာ ဖြစ်သလို အခုတော့ ဓာတ်ငွေ့ကို LNG လုပ်ပြီး ပြည်ပရောင်းနေပြီး ကျောက်မီးသွေးကို အမာခံထားသုံးနေပါတယ်။ သြစတြေးလျကလည်း မလေးရှားနဲ့ ဖြစ်ရပ်ပုံစံ သိပ်မကွာလှပါဘူး။ သူ့မှာ ကျောက်မီးသွေးစက်ရုံတွေ အမာခံထားပြီး ဓာတ်အားပေးနေပါတယ်။ LNG ကိုတော့ ရောင်းပါတယ်။

          နောက်ဆုံးတစ်ချက်ကတော့ အရှေ့တောင်အာရှ နိုင်ငံအချို့နဲ့ အရှေ့အာရှက ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်တို့ဟာ စွမ်းအင်အကျပ်အတည်းဖြစ်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ သူတို့မှာလည်း တစ်နိုင်ငံလုံး စွမ်းအင်ပြဿနာထဲက အရေးကြီးဆုံးဖြစ်တဲ့  လျှပ်စစ်ပြဿနာကို ဖြေရှင်းဖို့ ကျောက်မီးသွေးနဲ့ဓာတ်ငွေ့နှစ်မျိုးစလုံးကို ပြိုင်တူသုံးနေရပါတယ်။ ဓာတ်ငွေ့မထွက်တော့ ဓာတ်ငွေ့အစား LNG တင်သွင်းပြီး ဖြေရှင်းကြပါတယ်။  ဒီသုံးနိုင်ငံကို  အခြားနေရာက တင်သွင်းရင် သယ်ပို့စရိတ်မြင့်တော့ မလေးရှား၊ ဘရူနိုင်း၊ သြစတြေးလျတို့က ဒီအားသာချက်ကို အမိအရယူပြီး အပြိုင်ရောင်းနေကြတာပဲ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ တရုတ်နိုင်ငံ

      သဘာဝဓာတ်ငွေ့သိုက် ၄၆၅၄ ဘီလီယံ ကုဗမီတာကြီးတောင် ဖင်ခုထိုင်ထားတဲ့  နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ ဓာတ်ငွေ့ပိုက်လိုင်း တစ်ခုသွယ်ပြီး ဘာကြောင့်  နေ့စဉ် မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ကို ဝယ်နေသလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ဓာတ်ငွေ့ဖိုးလည်း ပေးရဦးမယ်၊ ပိုက်လိုင်းထဲမှာ ဓာတ်ငွေ့သွားရင် ဖြတ်သန်းခ ရှယ်ယာ ငွေပေးရဦးမယ်ဆိုတာသိပါလျက် ဘာကြောင့် ပြည်ပကဓာတ်ငွေ့ကို ဝယ်တာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ရွှေသဘာဝ ဓာတ်ငွေ့တွင်းကို အဓိက  ငွေကြေးကုန်ကျခံ တူးဖော်ခဲ့တဲ့  ဒေဝူးရေနံ တူးဖော်ရေး ကုမ္ပဏီဟာ LNG ပြုလုပ်ပြီး တောင်ကိုရီးယားထိ  ပေါက်ဈေးနဲ့ သယ်ဖို့စီစဉ်နေခဲ့ရာကနေ တရုတ်ကိုပြောင်းပြီး ရောင်းဖို့ဖြစ်လာခဲ့တာ ကလည်း ကမ္ဘာ့ရေနံ အသိုင်းအဝိုင်းက သတိပြုမိကြပါတယ်။

       နိုင်ငံတကာမှာ သူများတွေက စွမ်းအင်နဲ့ပတ်သက်ရင် နောင်နှစ်ပေါင်း များစွာအထိ မူဝါဒခိုင်ခိုင်မာမာ ချထားကြတယ်။ စွမ်းအင်လုံခြုံမှု အတွက် ကြိုကြည့်ထားကြတယ်။ စွမ်းအင်ဈေးနှုန်းကို စနစ်တကျ တွက်တယ်။ စွမ်းအင်က နိုင်ငံကို ဆင်းရဲ ချမ်းသာ ပြောင်းပြန် လှန်ပစ်နိုင်တယ်ဆိုတာ သူတို့သိကြတယ်။ ကိုယ်က ငွေရတာပဲဆိုပြီး ရှိတာထုတ်ရောင်းနေရတဲ့ အဆင့်မျိုး  မိမိတို့စဉ်းစားနေတာကိုလည်း အိမ်နီးချင်းတွေက ကြိုက်နေပါတယ်။ ကိုယ့်ကို ကြိုက်ဈေးပေးတယ် ဆိုပေမယ့် သူရလိုက်တဲ့ နိုင်ငံရေး၊ စစ်ရေး၊ ဒေသသြဇာလွှမ်းမိုးရေး၊ ပထဝီနိုင်ငံရေး၊ သယံဇာတအရေးကိစ္စတွေမှာ ကိုယ်ရတဲ့ငွေကြေးထက် ပိုတယ်ဆိုတာကလည်း ထည့်တွက်ကြရမယ့် ကိစ္စရပ်ပါ။ ကိုယ့်လောက် ပြန်ပြည့်မြဲစွမ်းအင်ကြွယ်ဝတာ အရှေ့တောင်အာရှမှာ ဘယ်နိုင်ငံမှ မရှိပါဘူး။ ကိုယ့်ပြန်ပြည့်မြဲစွမ်းအင် သုံးပြီးစီးပွားရှာရင် ကောင်းကောင်းစီးပွားဖြစ်မယ့် အခြေအနေကလည်း ရှိပြီးသားပါ။ ဒါပေမဲ့ ဒီပြန်ပြည့်မြဲစွမ်းအင်ထဲက  စီးပွားရှာလို့ကောင်းတဲ့  ရေအားလျှပ်စစ်တွေကို ကန့်ကွက်နေသူ အချို့ကလည်း သဘောရိုးမှဟုတ်ရဲ့လားလို့ မေးရမှာပါ။

    ကိုယ့်ရေ၊ ကိုယ့်မြေပိုင်နက်မှာ အကန့်အသတ်နဲ့သာ သဘာဝက ခွင့်ပြုထားတဲ့ တွင်းထွက်သယံဇာတ ဓာတ်ငွေ့ကို သားစဉ်မြေးဆက်အတွက်တောင် မချန်ဘဲ ထုတ်ယူပြီး အိမ်နီးချင်းတွေကို ဈေးကောင်းလို့ဆိုပြီး အလောသုံးဆယ် ထုတ်ရောင်းနေတာ၊ ငွေလိုလို့ဆိုပြီး ထုတ်ရောင်းနေတာတွေကသာ နိုင်ငံအနာဂတ်အတွက် ရင်လေးစရာပါ။ တစ်ပြိုင်နက်တည်းမှာပဲ နှစ်စဉ်  ပြန်ပြည့်မြဲရေအား လျှပ်စစ်ကို အစီအစဉ်ရှိရှိ ကန့်ကွက်နေတာဟာ ရိုးသားမှုရှိရဲ့လား၊ ပယောဂတွေပါနေသလား၊ လေ့လာဖို့ပါ။ သဘာဝက အကန့်အသတ်နဲ့ ပေးထားတဲ့ ပင်လယ်ပြင်မြေအောက်က ကုန်ခန်းသွားနိုင်တဲ့ ဓာတ်ငွေ့တူးဖော်မှုနောက်ကို ကြီးမားတဲ့ အရှိန်အဟုန်နဲ့ အားတက်သရော လိုက်ပြီး မျှော်လင့်ခြင်းကြီးစွာနဲ့ မြှုပ်နှံနေတာ၊ LNG တောင် ဝယ်သွင်းပြီး ကြီးမားတဲ့ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကြီးတွေတည်ပြီး ဓာတ်အားခဈေးနှုန်းမြင့်မားတဲ့ ဓာတ်အားကို ထုတ်လုပ်မှာတွေဟာလည်း စဉ်းစားစရာကိစ္စတွေပါပဲ။

ဆက်လက်ဖော်ပြပါမည်။