စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများထောက်ပံ့၊ ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများထောက်ပံ့၊ ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၉

            စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ နေရာများ၌ ပြုလုပ်ရာ တပ်နယ် အသီးသီးမှ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

            ဦးစွာ တာဝန်ရှိသူများက အသီးသီးအမှာစကားများ ပြောကြားကြသည်။ ထို့နောက် တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက ခန္တီးမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများအားလည်းကောင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများနှင့် စစ်မှု ထမ်းဟောင်းအဆင့်မြင့်အိမ်ရာ(ပြင်ဦးလွင်)ဓမ္မာရုံအတွက် အလှူငွေများ ပေးအပ်ခဲ့ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များကိုယ်စား တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။ ယင်းနောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နယ်မြေ ခံဆေးကုသရေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။